စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုအတွက် အဖမ်းခံထားရသည့် ကျောင်းသူကျောင်းသား များကို လွှတ်ပေးမည်မဟုတ်ဟု ထိုင်းစစ်တပ်အကြီးအကဲက အတည်ပြု ပြောကြားလိုက်သည်။
၎င်းတို့အပေါ် တင်ရှိထားသည့်စွဲချက်များကို ရုပ်သိမ်းပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုမှုများရှိနေ သည့်တိုင် လက်ခံမည်မဟုတ်ဘဲ ကျောင်းသူကျောင်းသား ၁၄ ဦးကို စစ်ခုံရုံးတင် စစ်ဆေးသွားမည်ဟု ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အူဒွမ်ဒက်ဂ်ျဆီတာဘူတာက ပြောကြားခဲ့သည်။
အဆိုပါလူငယ်များသည် ပြီးခဲ့သည့်လအတွင်းက ဘန်ကောက်မြို့တော်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး စစ်တပ်အုပ်ချုပ်နေမှု ရပ်ဆိုင်းရန် တောင်းဆိုသဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ မိမိတို့ကိုယ်ကိုယ် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီဟု အမည်ပေးထားသည့် ထိုင်းစစ်အစိုးရသည် နိုင်ငံရေးအရ စုရုံးမှု မှန်သမျှကို တားမြစ် ပိတ်ပင်ထားသည်။
ကျောင်းသူကျောင်းသားများကို ပြည်သူအများစုက စာနာမှုအပြည့်ဖြင့် ထောက်ခံရပ်တည်ပြီး ၎င်းတို့ လွတ်မြောက်ရေး တောင်းဆိုနေမှုများ ရှိနေသည်ကို ဗိုလ်ချုပ်ကြီး အူဒွမ်ဒက်ဂ်ျက အသိအမှတ်ပြုခဲ့သော် လည်း ပြန်လွှတ်ပေးရန်မူ အစီအစဉ်မရှိဟု ဆိုသည်။ “လုံခြုံရေး အရာရှိတွေက ကျောင်းသူကျောင်းသား တွေကို ရန်သူအနေနဲ့ ရှုမြင်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ တူတွေ၊ တူမတွေလိုပါပဲ။ တာဝန်ရှိသူတွေက သူတို့ကိုဖမ်းလိုက်တယ် ဆိုတာကလည်း သူတို့ရဲ့ လုပ်ဆောင်မှုတွေ မှန်ကန်ခြင်း မရှိလို့ပါပဲ”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ဘာဆက်ဖြစ်မယ် ဆိုတာကို အဆုံးအဖြတ် ပေးဖို့ကတော့ ဥပဒေအတိုင်း ဖြစ်ပါစေ။ နောက်ထပ် ခြေလှမ်းကတော့ ဒီအမှုကို စစ်ခုံရုံး တင်ပို့ဖို့ပါပဲ”ဟုလည်း ဆိုသည်။ ကုလသမဂ္ဂနှင့် ဥရောပ သမဂ္ဂတို့သည် ကျောင်းသူကျောင်းသားများကို ပြန်လွှတ်ပေးရန် ထိုင်းအစိုးရကို ဖိအားပေး တောင်းဆို ထားသော်လည်း စစ်တပ်အကြီးအကဲမှ ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲတာဝန်ယူခဲ့သူ ပရာယွတ်သ် ချန်အိုချာက နိုင်ငံတကာ ဖိအားများကြောင့် မိမိတို့၏ ရပ်တည်မှု ပြောင်းလဲမည် မဟုတ်ဟု တုံ့ပြန်ခဲ့သည်။ ပရာယွတ်သ်သည် ၂၀၁၄ ခုနှစ်၊ ထိုင်းစစ်တပ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
ထိုင်းစစ်တပ်သည် ဖမ်းဆီးထားသည့် ကျောင်းသူကျောင်းသား ၁၄ ဦးတို့ကို ဇူလိုင် ၇ ရက်တွင် စစ်ခုံရုံးတင် စစ်ဆေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
7 Day Daily
No comments:
Post a Comment