သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ်ကို အသတ်ခံရမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသော သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုးက ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီလို သောကြောင့် ၎င်း၏မိသားစုဝင်များက ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ လှူဒါန်းမည် ဖြစ်ကြောင်း မင်းအုပ်စိုး၏ဇနီး ဒေါ်သက်ထားစုက The Voice သို့ ပြောကြားသည်။
အဆိုပါ ထောက်ပံ့မည့် အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်အကြားရှိ ချင်းကုန်း၊ ကျောင်းကုန်းကျေးရွာများရှိ ရေဘေးသင့် ပြည်သူများကို မင်းအုပ်စိုး၏ မိသားစုဆွေမျိုးများ၊ အခြားသော အလှူရှင်များနှင့် ပရဟိတအသင်းများ စုပေါင်းကာ ဆန်အိတ် ၁၀၀၊ ဆေးဝါးများ၊ ရေသန့် ဆေးပြားများနှင့် အခြားပစ္စည်းများကို သြဂုတ် ၁၁ ရက်တွင် သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ပြီးခဲ့တဲ့တစ်ပတ် အစ်ကို့ကို ထောင်ဝင်စာသွားတွေ့တော့ သူနဲ့အတူထောင်ကျနေတဲ့ အနုပညာညီအစ်ကိုတွေကို ရည်စူးပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ချင်တယ်။ ရေဘေးသင့်ဒေသတွေကို သွားလှူပေးပါလို့ ပြောလို့ မိသားစု၊ ညီအစ်ကို မောင်နှမတွေပေါင်းပြီး လှူဒါန်းဖို့ စီစဉ်နေတာပါ” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ လှူဒါန်းမည့်အစီအစဉ်ကို အင်္ဂပူမြို့နယ်ဘက်မှ ဒေသခံများထံ စုံစမ်းမေးမြန်းကာ အလှူရှင် အရောက်နည်းသော ကျောင်းကုန်း၊ ချင်းကုန်းကျေးရွာများထံ လှူဒါန်းထောက်ပံ့မည် ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာ ၂ ခုတွင် လူဦးရေ ၄၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ယင်းအလှူတွင် ပါဝင်လှူဒါန်းမည့် အိုအေစစ်စာပေ အနုပညာရေးရာဂျာနယ်မှ အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုးက ပြောကြား သည်။
သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုးသည် သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ်ကို သတ်ခဲ့မှု ကြောင့် ပြစ်မှုပုဒ်မ ၃၀၂ (၂) ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေ ရန် အမိန့်ချမှတ်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူ ဖြစ်သည်။
(ကျော်စိုးမိုး)
The Voice Weekly

No comments:
Post a Comment