Friday, July 10, 2015

အာရှလမ်းမကြီးကို တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ ပြန်လည်ထိန်းချုပ်နိုင် ၊ လမ်းအသုံးပြုခွင့်ပြု

အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က အာရှလမ်းမကြီး ကို ထိန်းချုပ်နိုင်ပြီး လုံခြုံရေးတာဝန်ယူထားပြီ ဖြစ်သောကြောင့် ယနေ့မှစ၍ ပြန်လည်အသုံးပြုခွင့်ပေးလိုက်ပြီဟု ကရင်ပြည် နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

အာရှလမ်းမကြီး မြဝတီ- ကော့ကရိတ်လမ်းပိုင်းတွင် ဒီကေဘီအေက ငွေကြေးကောက်ခံနေခြင်းနှင့် ပတ်သက်၍  အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ ဇူလိုင် ၂ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့တွင်ပင် ခရီးသည်နှင့်ကုန်တင်ယာဉ်များကို ဒီကေဘီအေက ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းဖြစ် သည်။

‘‘ခရီးသွားပြည်သူတွေ မနက်ဖြန်ကစပြီး အာရှလမ်းသစ်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီ အတွင်း ဖြတ်သန်းသွားလာနိုင်ပါပြီ။ ဒါပေမဲ့လမ်းဘေးဝဲယာမြေသားတွေပေါ်မှာတော့ မိုင်းမရှင်းရသေးလို့ လမ်းဘေး မှာ ကားမရပ်နားဖို့တော့သတိပေးချင်တယ်’’ ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးကလည်း ‘‘မနက်ဖြန် တော့ အာရှလမ်းကို ပြန်ဖြတ် သန်းခွင့်ပြုမယ်။ ဘာဂိတ်ကြေးမှ မပေးရတော့ဘူး။ ဒါဟာ မကြာမီအာဆီယံလမ်းမကြီး တရားဝင်ဖြစ်တော့မှာ။ ဒါကြောင့် တပ်မတော်နဲ့ ဒေသတွင်းတခြားလက်နက်ကိုင်အဖွဲ့တွေကနေ လိုအပ်တာကို တာဝန်ယူခဲ့တာ’’ဟု ဇူလိုင် ၉ ရက်ကပြောသည်။

အာရှလမ်းမနှင့် ဒေါနတောင်ပတ်လမ်းတို့ကို အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)က လုံခြုံရေးတာဝန်ပူးပေါင်းယူ ထားပြီး နှစ်ဖက်ထိတွေ့မှုနည်းပါးသွားပြီ ဟု BGF မှ ဗိုလ်မှူးတစ်ဦး က ပြောကြားသည်။

အာရှလမ်းမကြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းကို မြန်မာနှင့် ထိုင်းအစိုးရက ဇူလိုင် ၂၀ ရက်တွင်ဖွင့်လှစ်ရန် ညှိနှိုင်းထားသော်လည်း တိုက်ပွဲများကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရသည်။ ဩဂုတ်လအတွင်းဖွင့်နိုင်ရန် ပြန်လည် စီစဉ်ထားသည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

‘‘မနက် ၆ နာရီကနေ ညနေ ၆ နာရီဆိုလည်း ဒီကြားထဲ အဆင်ပြေအောင် သွားလာရမှာပဲလေ။ အပြီးသတ် အေးချမ်းသွားရင်တော့ကောင်းမယ်။ ကျွန်တော်တို့ အတွက်ကတော့ အခက်အခဲတချို့ရှိနေတုန်းပါ’’ဟု အာရှလမ်းမကြီးကို အသုံးပြုသည့် ကုန်တင်ယာဉ်မောင်း တစ်ဦးကပြောကြားသည်။

7 Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ