ကျွန်ုပ်တို့ အကြံပေးပညာရှင်များအဖွဲ့ကို ပညာရေးနယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်သူများ၊ အတွေ့အကြုံရင့် ကျက်သူများနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဘ၀တစ်လျှောက်ကိုယ်စိတ်နှစ်ပါး နှစ်မြှပ်ကာဆောင်ရွက်ခဲ့သူများနှင့် ဖွဲ့စည်းထားပါသည်။ စေတနာကိုအရင်းခံကာ အမျိုးသားပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားပညာရေးဥပဒေပေါ်ပေါက်လာပုံကို ပြန်ကြည့်မယ်ဆိုလျှင် ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလတွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမူဝါဒများချမှတ်နိုင်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက် များနှင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများ၊ ဆက်နွှယ်ပတ်သပ်နေသူများနှင့် အဖွဲ့အစည်းများက နှီးနှောဖလှယ်ပွဲတစ်ရပ်ကို နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ယင်းနှီးနှောပွဲ၏ ရလဒ်တစ်ခုမှာ ဘက်စုံလွှမ်းခြုံ နိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး Comprehensive Education Sector Review (CESR) ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လေ့လာမှုပြုရန်ဖြစ်သည်။ CESR ကို ကျွန်ုပ်တို့ အကြံပေးပညာရှင်အဖွဲ့ နှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်းပညာရှင် များ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။
၂၀၁၂ခုနှစ် သြဂုတ်လမှ စတင်၍ CESR ကို ဆောင်ရွက်ရန် ပညာရှင်အဖွဲ့များဖွဲ့၍ သုတေသန လေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ခုနှစ်မတ်လတွင် သုတေသနလေ့လာချက် CESR အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါ သည်။ ယင်းအစီရင်ခံစာက ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေးလုပ်ငန်းများကို ဖော်ထုတ် တင်ပြထားရာ ပညာရေးရည်မှန်းချက်များ၊ ပညာရေးမူဝါဒများ ချမှတ်ရေးနှင့် အမျိုးသားပညာရေးတစ်ရပ်ပေါ် ပေါက်လာရေးကို ပထမဦးစားပေး ဆောင်ရွက်ရန် ဖြစ်ပါသည်။
ထိုအချိန်မှစ၍ ကျွန်ုပ်တို့ အကြံပေးပညာရှင်အဖွဲ့သည် ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ကော်မတီ နှင့်အတူ ပညာရေးမူဝါဒများ ရေးဆွဲနိုင်ရေးနှင့် အမျိုးသားပညာရေးဥပဒေ ရေးဆွဲနိုင်ရေး အတွက် အချိန်ပြည့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံပညာရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးသော အမျိုးသားပညာရေးဥပဒေကို လွှတ်တော်က ပြဌာန်းနိုင်သည်အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။
သို့ရာတွင် ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၄ရက်မှ ၁၇ရက်အထိ ကျောင်းသားအချို့က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ခဲ့ပါသည်။ ထိုကဲ့သို့ ကန့်ကွက်ဆန္ဒပြမှုများအပေါ် မိဘနှင့် သားသမီးများသဖွယ် လွန်စွာ စိတ်မချမ်းမြေ့မှုဖြစ်ခဲ့ရပါသည်။ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ကျောင်းသားအချို့၏ ထုတ်ပြန်ချက် ခြောက်ချက်အပေါ် ရှင်းလင်းချက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ချက်ကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဤအမျိုးသားပညာရေးဥပဒေ၏ ၀ိသေသမှာ ပညာရေးကဏ္ဍအားလုံးကို လွှမ်းခြုံသည့် သဘောရှိသည်။ ပညာရေးနှင့်ပတ်သက်သော ကဏ္ဍအသီးသီးပါဝင်ဖော်ပြထားသည်။ ဤဥပဒေသည် ပညာရေးနှင့် ပတ်သက်သည့် ရည်မှန်းချက်၊ မူဝါဒနှင့် စနစ်တို့ကို ဖော်ပြထားသော ဥပဒေတစ်ရပ်ဖြစ်သည်။ ထိုဥပဒေကို အခြေပြု၍ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့်သက်မွေးပညာ၊ ဆရာအတတ်သင်စသော ကဏ္ဍအလိုက်သီးခြားဥပဒေများကို ဆက်လက်ပြုစုပြဌာန်းရန်နှင့် ဤဥပဒေကို အကောင်အထည် ဖော်နိုင်ရန် နည်းဥပဒေများကိုလည်း ရေးဆွဲခြင်း၊ ကဏ္ဍအလိုက် ဥပဒေများနှင့် ပတ်သက်သောနည်း ဥပဒေများနှင့် တက္ကသိုလ် အလိုက တက္ကသိုလ်ပဋိညာဉ်စာတမ်းများကို မူလအစီအစဉ်ရှိသည့်အတိုင်း ရေးဆွဲခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။
အမျိုးသာပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားခြင်းသည် ဗဟိုချုပ်ကိုင်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ခွင့်ပြုရန်ပုံငွေရရှိရေးအတွက် တာဝန်ခံတင်ပြပေးရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် ပညာရေးအရည်အသွေး အာမခံမှုစနစ်နှင့် အဆင့်အတန်းသတ်မှတ်မှုကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်သာ ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေကြမ်းကို ကျွန်ုပ်တို့အကြံပေးအဖွဲ့၊ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ကော်မတီနှင့် ပညာရေးဆိုင်ရာဥပဒေများပြုစုရေးလုပ်ငန်းအဖွဲ့တို့က ဦးဆောင်ပြီး ပညာရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ စီမံခန့်ခွဲသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပညာရေးနှင့် ဆက်နွှယ်ပတ်သက်သူများနှင့် ပညာရေးကို စိတ်ဝင်စားသူများအားလုံး ပါဝင်သည့် ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် NNER လည်း ပါဝင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၄ခုနှစ် မတ်လ ၁၅ရက်နေ့တွင် အားလုံးဝိုင်းဝန်ပြုစုထားသော အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပညာရေးဝန်ကြီး ဌာနက ပြည်သူ့လွှတ်တော်သိုပ တင်သွင်းခဲ့ပါသည်။ ယင်းဥပဒေတွင် အခန်း(၁၄)ခန်းနှင့် ပုဒ်မ (၈၀)ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ၂၀၁၄ခုနှစ်မတ်လ ၁၆ရက်နှင့် ၁၇ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့ပါသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များအကြိမ်ကြိမ်ဆွေးနွေးပြီး အခန်း (၁၄)ခန်းနှင့် ပုဒ်မ (၆၉)ချက်ပါဝင်သော အမျိုးသားပညာရေးဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ခုနှစ် စက်တင်ဘာ ၃၀ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြဌာန်းခဲ့သည်။
ယခုကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်သည့်အတွက် ဒီမိုကရေစီအလေ့အကျင့် များစွာ လိုအပ်နေပါသည်။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လူတိုင်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးမှသာလျှင် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အချိန်တိုအတွင်းအဆင်ပြေချောမွေ့စွာ ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်း၍ဆွေးနွေးမည်ဆိုပါက အကြံပေးပညာရှင်အဖွဲ့အပါအ၀င် ပညာရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပဒေပြုစုရေးနှင့် ဥပဒေပြင်ဆင်ရေးကိစ္စများမှာ လွှတ်တော်နှစ်ရပ်၏ ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သဖြင့် လွှတ်တော်များက လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပညာရေးအကြံပေးပညာရှင်များအဖွဲ့
No comments:
Post a Comment