ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် မြေနေရာတွင် တည်ဆောက်နေသော ရွှေတောင်ဖွံ့ဖြိုးမှု ဆောက်လုပ်ရေးဝင်းတွင် နိုဝင်ဘာလ ၂၀ ရက် ညနေ ၅ နာရီခန့်က ပေ ၄၀ အကျယ် အမြင့်ပေ ၂၀ ခန့်ရှိသော မြေကြီးလှောင်ကန် ပွင့်ထွက်ပြီး ၂၇ လမ်း အထက်ဘလောက်ပေါ် မြေစေးများ ယိုစိမ့်လျှံကျခဲ့ရာ ရွှံ့စေးမြေတွင်း တစ်နာရီကြာ ပိတ်မိနေသူ အသက် ၂၀ နှစ်ခန့် ရှိသော မြေသယ်ယာဉ် နောက်လိုက်တစ်ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“သံပြားနှစ်ခုက ထောက်ပြီး အဲဒီကြားထဲမှာ လူက ကိုယ်တစ်ဝက်မြုပ်ပြီး တစ်နာရီလောက်ကြာအောင် မြုပ်နေတာ။ ဒါပေမဲ့ သူ့ကို ကယ်ထုတ်နိုင်ခဲ့တယ်။ သူ တော်တော် ကံကောင်းတယ်” ဟု ကယ်ဆယ်ရေး လာရောက်ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းမြေကြီးလှောင်ကန် ပြိုကျမှုကြောင့် ၂၇ လမ်း အထက်ဘလောက်ရှိ ဆောက်လုပ်ရေးဝင်း ကာရံထားသော သွပ်ပြား ခြံစည်းရိုးအနီး ဖွင့်လှစ်ထားသည့် လမ်းဘေး လက်ဖက်ရည်ဆိုင်နှင့် မုန့်တီဆိုင်တို့ ပျက်စီးခဲ့ကြောင်း၊ ကာရံထားသော သွပ်ပြားနှစ်ထပ်မှ မြေစေးများ ပြိုကျစဉ် အသက် ၁၈ နှစ် အရွယ်ရှိ ဆောက်လုပ်ရေး လုပ်သားနှစ်ဦးအနက် တစ်ဦးမှာ ၂၇ လမ်းဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးမှာ ကိုယ်တစ်ပိုင်းခန့် မြေစေးများအတွင်း နစ်မြုပ်ကာ မပြေးနိုင်ဘဲ ပိတ်မိနေကြောင်း ယင်းမြေပြိုမှုအနီးတွင် အောင်ဘာလေထီ အရောင်းဆိုင် ဖွင့်လှစ်ထားသည့် အသက် ၄၀ ကျော် ထီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဝုန်းခနဲ အသံကြီးနဲ့အတူ မြေစေးတွေ လမ်းပေါ်ပွင့်ထွက်ပြီး ပြိုကျလာတာ၊ မြေပြိုကျတဲ့နေရာမှာ ဆိုင်တွေက အရင်ညတွေက ညပိုင်းအထိ ဖွင့်ပေမယ့် တရားပွဲရှိလို့ စောစောသိမ်းကြတာ။ ဆိုင်တွေဖွင့်တဲ့ အချိန်မျိုးသာဆို လူတွေ တော်တော်ထိကုန်မှာ” ဟု ၂၇ လမ်း အထက်ဘလောက်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားကြီးတစ်ဦးက ဆိုသည်။
ဟိုတယ်အပါအဝင် အထပ် ၂၀ ကျော် အဆောက်အအုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် မြေနေရာ၌ တည်ဆောက်နေသော ရွှေတောင် ဆောက်လုပ်ရေးဝင်း၌ အမြင့် ၁၀ ပေကျော် သွပ်ပြားများ နှစ်ဆင့် ကာရံထားသော်လည်း မြေစေးများ လမ်းအနီး ပုံထားကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
ယင်းလမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ တရားပွဲ ကျင်းပနေသောကြောင့် ယင်းနေ့တွင်ပင် ဆောက်လုပ်ရေး လုပ်ငန်းများကို မွန်းလွဲ ၁၂ နာရီမှ စတင်ကာ တရားပွဲ ပြီးဆုံးချိန်အထိ ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်နားထားပေးရန်အတွက် တရားပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက ယင်းလုပ်ငန်းခွင်မှ တာဝန်ရှိသူများကို မေတ္တာရပ်ခံခဲ့ပြီး နောက်တစ်ရက်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မြေစေးများ ပြိုကျခဲ့သော ရွှေတောင် ဆောက်လုပ်ရေးဝင်းတွင် လွန်ခဲ့သော သုံးလကျော်က မြေတူးစက် လဲကျရာမှ လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
the voice
-
No comments:
Post a Comment