အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်၍ အခြေခံ ပညာကျောင်းများရှိ ကျောင်းအုပ် ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ရှင်းလင်းပြောကြားရန် သက်ဆိုင်ရာ ဦးစီးဌာနများက ညွှန်ကြားချက် ထုတ်ပြန်ထား ကြောင်း သတင်းရရှိသည်။
တက္ကသိုလ် ကျောင်းသား များက အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြခဲ့ခြင်း ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ ကျောင်းများတွင် နားလည်သဘောပေါက်စေရေး ရှင်းလင်းရန် အကြောင်းကြားထားခြင်း ဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ တွင် ကျောင်းသားသမဂ္ဂဖွဲ့ခွင့်ပြု၊ မပြု မပါဝင်ကြောင်း၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိသော တက္ကသိုလ်များတွင် တက္ကသိုလ် များ၏ စည်းမျဉ်းဥပဒေနှင့်အညီ ကျောင်းသားအဖွဲ့အစည်းများဖွဲ့စည်းခွင့်ရှိမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းရန် ညွှန်ကြားချက် ပေးပို့ထားသည်။
“ပြည်ထောင်စုဝန်ကြီးကိုယ် တိုင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က အခြေခံပညာကျောင်း တွေကို သွားရောက် ရှင်းလင်းဖို့ရှိတယ်။ ဒုတိယ၀န်ကြီးတွေလည်း သွားရောက် ရှင်းလင်းနေကြပါ တယ်။ အမှားမှား အယွင်းယွင်းဖြစ် သွားမှာစိုးလို့ပါ”ဟု အမှတ် (၁)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြို့နယ်ပညာရေးမှူးရုံးများ၊ ခရိုင်ပညာရေးမှူးရုံးများ၊တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးများရှိ ၀န်ထမ်း များအားလုံး သိရှိနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က ရှင်းလင်းပြောကြားရန်နှင့် မြို့နယ်အလိုက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ တင်ပြရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ ရှင်းလင်းရန်အမှတ် (၁) အခြေခံပညာဦးစီး ဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ရုံးများသို့ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ညွှန်ကြားချက်ပေးပို့ထားခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ သည် လွှတ်တော်တွင် ၂ နှစ်ခန့် အချိန်ယူရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ပညာရေးကို ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက် ထား ကြောင်း၊ အမျိုးသားပညာ ရေး ဥပဒေ အကောင်အထည် ဖော်ချိန်တွင် ဆရာ၊ ကျောင်းသား၊ မိဘ၊ လူထု၊ အစိုးရအားလုံးပါဝင်ရမည်ဖြစ်၍ အားလုံးပါဝင်ပါက လက်တွေ့အကောင်အ ထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရန် ညွှန်ကြားချက်တွင် ရေးသားထားသည်။
အမျိုးသားပညာရေးဥပဒေ အပေါ် ကျောင်းသား၊မိဘနှင့် ဆရာ၊ ဆရာမများ၏ ပူးပေါင်းပါဝင်မှုနှင့် နားလည်သိရှိမှု အားနည်းကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေပြီး ပညာရေးဝန်ကြီးဌာနသည် လွန်ခဲ့သောလများက တက္ကသိုလ်များတွင် ရှင်းလင်းဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ခြင်း ဖြစ်သည်။
တက္ကသိုလ် ကျောင်းသား များ၏ လေးရက်ကြာ သပိတ်မှောက် ဆန္ဒပြပွဲအပြီးတွင် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းခြင်း၊ စာသင်ကျောင်း များ၌ ရှင်းလင်း ခြင်းတို့ကို ပိုမိုအ ရှိန်မြှင့်ဆောင်ရွက်နေသည်။
7Days
No comments:
Post a Comment