Thursday, April 24, 2014

အယုဒ္ဓယ သို့မဟုတ် နာကျည်းချက်မြို့တော်

အယုဒ္ဓယ သို့မဟုတ် နာကျည်းချက်မြို့တော်
***************************





ယိုးဒယားလို့ပြောလိုက်ရင်ထိုင်းနိုင်ငံကို ပြောတာပဲဆိုတာကို မြန်မာလူမျိုးအားလုံးနီးပါးသိကြပါတယ်။ ရှေးမြန်မာဘုရင်တွေဘုန်းမီးနေလတောက်ပချိန်၊ မြန်မာဘုရင်ရဲ့ထီးဖြူရိပ်သက်ရောက်တဲ့ကျယ်ပြန့်လွန်းတဲ့အရှေ့တောင်အာရှနယ်မြေတလွှားမှာ အယုဒ္ဓယလို့ခေါ်တဲ့ ထိုင်းနိုင်ငံဟာလည်းလက်အောက်ခံ အဖြစ်ပါဝင်ခဲ့တယ်။ စစ်တိုက်၍မရသောနိုင်ငံ အဓိပ္ပါယ် ရှိတဲ့ အယုဒ္ဓယဆိုတဲ့ထိုင်းနိုင်ငံကို ယုဒ္ဓယ လို့ ခေါ် ခဲ့ကြရာက နောက်ပိုင်းမှာယိုးဒယားအဖြစ်အမည် တွင်ခဲ့ တယ်လို့ယိုးဒယားအမည်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး ဖတ်ဖူးမှတ်သားခဲ့ဖူးတယ်။

တောင်ငူနန်းဆက်ဘုရင့်နောင်မင်းတရား နန်းတက်တဲ့ အချိန်မှာ အယုဒ္ဓယကိုအနိုင်ယူသိမ်းပိုက်ခဲ့ပြီး ဘုရင့်နောင် နတ်ရွာစံပြီး ၃နှစ်အကြာထိ အယုဒ္ဓယ ဟာ မြန်မာ တို့ရဲ့လက်အောက်ခံအဖြစ် ခရစ်နှစ် ၁၅၆၄ ခုနှစ်ကနေ ၁၅၈၄ခုထိ နှစ်ပေါင်း ၂၀ကျော်နေထိုင် ခဲ့ရတယ်။

ဘုရင့်နောင်နတ်ရွာစံပြီး တောင်ငူနန်းဆက်စည်းလုံးမှုပြိုကွဲကာ စစ်ဘုရင်တွေ သူတစ်လူငါတမင်း ဗိုလ်လု၊ ပြည်တွင်းရေး ရှုတ်ထွေးနေချိန်မှာ အယုဒ္ဓယဟာ မြန်မာဘုရင်ရဲ့ လက်အောက်ခံနယ်မြေအဖြစ်ကနေ ကင်းလွတ်ခွင့် ရခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀၀ခန့်အကြာ ခရစ်နှစ် ၁၇၆၇ခုနှစ်မှာတော့ ကုန်းဘောင်မင်းဆက် အလောင်း ဘုရားရဲ့အရိုက်အရာကိုဆက်ခံသူ ဒုတိယသားတော် ဆင်ဖြူရှင်မင်းလက်ထက်မှာအယုဒ္ဓယနေပြည်တော်ဟာ   မြန်မာဘုရင်ရဲ့အပြီးတိုင်သိမ်းပိုက်မှုကိုခံခဲ့ရပြီး အယုဒ္ဓယနန်းဆက်လည်းပျက်၊ အယုဒ္ဓယမြို့ဟာလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဆင်ဖြူရှင်မင်းတရားလက်ထက်မှာ မြန်မာနိုင်ငံဟာ သမိုင်းတစ်လျောက် အကျယ်ပြန့်ဆုံး အင်ပါယာကို ထူထောင်နိုင်ခဲ့ပြီး ဆင်ဖြူရှင်မင်းဟာလည်း သမိုင်း တစ်လျှောက်အအောင်မြင်ဆုံး စစ်ဘုရင်တစ်ပါးဖြစ် ခဲ့တယ်။ ဆင်ဖြူရှင်မင်း အယုဒ္ဓယကိုအောင်နိုင်ပြီး ချိန်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ကျူးကျော်မှုနဲ့ ရင်ဆိုင်ရတယ်။အဲဒီအချိန်မှာဆင်ဖြူရှင်မင်းဟာစစ်မျက်နှာနှစ်ဘက်ဖွင့်ရမယ့်အခြေအနေကို ရှောင်ရှားနိုင်ဖို့အတွက် အယုဒ္ဓယကိုပြန်မထကြွနိုင်တော့အောင် ဖျက်ဆီးခဲ့လိုက် တာကြောင့် အယုဒ္ဓယဟာ မြို့ပျက်ခဲ့ရတယ်။

အယုဒ္ဓယနန်းပျက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဟာ မြန်မာနိုင်ငံအပေါ် အတော်လေးနာကျည်းခဲ့ပြီး အယုဒ္ဓယနန်းတော်ပျက်နေရာကို ပြန်လည်ပြုပြင်ခြင်း မပြုတော့ဘဲ မြန်မာတို့ဖျက်ဆီးခဲ့တဲ့အထိမ်းအမှတ်နေရာ အဖြစ်သာ ထားရှိခဲ့ပါတယ်။အခုတော့သမိုင်းမှာမကြာ ခဏကြားဖူးခဲ့တဲ့အယုဒ္ဓယဆိုတဲ့နေရာကို ခြေချခွင့်ရ ခဲ့ပြီဖြစ်ပါတယ်။

အယုဒ္ဓယကို ဘယ်ခုနှစ်မှာ စတည်ထောင်ခဲ့လဲ ဆိုတာနဲ့ပတ်သက်လို့တော့ တိကျရေရာတဲ့ အထောက် အထားတွေမရှိဘူး။ ခန့်မှန်းခြေများအရတော့ အယုဒ္ဓယ ကို ခရစ်နှစ် ၁၃၅၀၀န်းကျင်မှာ စတင်တည်ထောင်ခဲ့ တယ်လို့ ယူဆကြတယ်။ ဘန်ကောက်မြို့ကနေ ကားနဲ့ သွားမယ်ဆိုရင် ၂နာရီခရီးအကွာအဝေးလောက် မှာရှိပါ တယ်။ အယုဒ္ဓယကိုသွားဖို့အတွက် မနက် ၈နာရီ ခွဲလောက် ကနေဘန်ကောက်ကစတင် ထွက်ခွာလာခဲ့ ရာမှာ မနက်ပိုင်း ၁၀နာရီခွဲ အချိန်လောက်မှာ အယုဒ္ဓယမြို့ဟောင်းကိုရောက်ပါတယ်။

နွေရာသီရဲ့နေကတော့ အယုဒ္ဓယမှာ ခြစ်ခြစ်တောက်အောင် ပူပြနေတယ်။ တစ်ချိန်ကအာရှရဲ့အခမ်းနား ဆုံးမြို့တွေထဲမှာပါခဲ့တယ်ဆိုတဲ့အယုဒ္ဓယမြို့ဟောင်းရဲ့ တချို့နေရာတွေမှာ ခမ်းနားခြင်းတွေကျန်ရှိနေသေးပေ မယ့် အပျက်အစီးတွေကသာ ကြီးစိုးလို့နေပါတယ်။

ဒီအယုဒ္ဓယမြို့ဟောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲမှာပါဝင်တဲ့ အကြောင်း ကို သိရှိရတဲ့အခါမှာတော့ အယုဒ္ဓယထက် နှစ်ပေါင်း ၅၀၀ကျော်စောပြီး ပိုခမ်းနားပါသော်လည်း အခုအချိန်ထိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ မ၀င်နိုင်သေးတဲ့ ပုဂံမြို့ဟောင်းကို သွားသတိရမိတယ်။

ပုဂံမြို့ဟောင်းလိုပဲ အယုဒ္ဓယမြို့ဟောင်းဟာလည်း ခရီး သွားလာရေးလုပ်ငန်းကနေ၀င်ငွေအဓိကရနေတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ၊လက်ဆောင်ရောင်းချတဲ့ဆိုင်တွေ၊   ရှေးဟောင်းပစ္စည်းရောင်းချတဲ့ဆိုင်တွေနဲ့ အယုဒ္ဓယရဲ့ ဘုရားကျောင်းပျက်တွေဟာ စည်ကားနေပါတယ်။

ပထမဆုံးရောက်ခဲ့တဲ့နေရာကတော့ ၀က်ရိုင်ချိုင်မွန်ဂောာ (Wat Rai Chai Mongkol) ဆိုတဲ့ဘုရားကျောင်း ပျက်နေရာပါ။ Wat ဆိုတဲ့စကားလုံးဟာ ကျောင်းတော်ကို ရည်ညွှန်းတာဖြစ်တဲ့အတွက်ကြောင့် အယုဒ္ဓယက ဘုရားကျောင်းတွေအားလုံးရဲ့ရှေ့မှာ Wat ဆိုတဲ့စကား လုံးပါဝင်ပါတယ်။ဒီကျောင်းတော်ဟာအယုဒ္ဓယမြို့ဟောင်း ရဲ့ ထင်ရှားတဲ့ဘုရားကျောင်းတော်တွေထဲက တစ်ခုဖြစ်ပါ တယ်။

ကျောင်းတော်ကိုရောက်သွားတဲ့အချိန်က မနက် ၁၀နာရီခွဲ အချိန်လောက်ဖြစ်နေတော့ ကျောင်းတော်ပတ်လည်ဟာ   နေခြစ်ခြစ်တောက်ပူပြင်းလို့နေပါတယ်။ ဒီကျောင်းတော်ဟာ ဘုရင်ကိုးကွယ်တဲ့ ဘုန်းတော်ကြီး သီတင်းသုံးတဲ့ မင်းဆရာကျောင်းတော်ဖြစ် ပါတယ်။

အယုဒ္ဓယကို အုပ်ချုပ်ခဲ့တဲ့ဘုရင်တွေ နဲ့ တော်ဝင်မျိုးနွယ်တွေဟာ ဒီကျောင်းတော်မှာလာပြီး အကြံဥာဏ်တွေတောင်းခံကြလေ့ရှိကြတယ်။

ဒီဘုရားကျောင်းတော်နာမည်ကျော်ကြားရခြင်းမှာ နောက် ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်။ ဘုရင့်နောင်ကျွေးမွေးပြုစုခဲ့တဲ့ နရစွမ်ဟာ ဘုရင့်နောင် နတ်ရွာစံပြီးနောက် နန္ဒဘုရင် အုပ်ချုပ် ချိန် တောင် ငူနေပြည်တော်က ယိုးဒယားနွယ်ဝင်တွေအကုန်လုံး ကို ခေါ်ဆောင်ပြီးအယုဒ္ဓယကိုပြန်သွားကာလက်အောက်ခံ နယ်မြေအဖြစ်ကနေ ပုန်ကန်ခြားနားပါတော့တယ်။

ပုန်ကန်ခြားနားတဲ့နရစွမ်ကို နှိမ်နင်းဖို့အတွက် မြန်မာစစ်တပ်ဟာ အယုဒ္ဓယကို ချီတက်တိုက်ခိုက်တဲ့အခါ အယုဒ္ဓယဘက် က နရစွမ်ဘုရင်နဲ့ မြန်မာဘက်က နန္ဒဘုရင်ရဲ့သားတော် မင်းကြီးစွာတို့ရဲ့ ဆင်စီးခြင်းတိုက်ပွဲမှာ နရစွမ်ဘုရင်က မင်းကြီးစွာကို အနိုင်ယူခဲ့တယ်။ ဆက်တိုက်ရင် မြန်မာစစ်တပ်ကို အနိုင်တိုက် ယူနိုင်ချေရှိပေမယ့် နရစွမ်ရဲ့တပ်က အနောက်မှာ အတော်ဝေးဝေးပြတ်ကျန်ခဲ့တဲ့အတွက် နရစွမ်ဘုရင်ဟာ အကြီးအကျယ်ဒေါသထွက်ပြီး သူ့ရဲ့တပ်မှူးတွေ အကုန်လုံးကို သတ်ဖို့အမိန့်ပေးလိုက်ပါတယ်။

ဒါပေမယ့် ၀က်ရိုင်ချိုင်မွန်ကောရဲ့ အကြီးအကဲ ဘုန်းတော်ကြီးက နရစွမ်ဘုရင်ကိုအသနားခံပြီး အပြစ် ကိုချေတဲ့အနေနဲ့ထပ်ပြီးဘုရားတည်ခိုင်းခဲ့ပါတယ်။   မြန်မာတွေအပေါ်အနိုင်တိုက်နိုင်တာနဲ့ပတ်သက်ရင် ထိုင်းနိုင်ငံသားတွေဟာ အလွန်ဂုဏ်ယူလေ့ရှိကြတယ်။ အဲဒီအတွက် မြန်မာဘုရင်ကိုနရစွမ်ဘုရင်အနိုင်တိုက်ခဲ့ခြင်း အထိမ်းအမှတ် ဘုရားကျောင်းတည်ထားတာကြောင့် လည်း ဒီကျောင်းတော်ဟာ နာမည်ကြီးရခြင်းဖြစ်ပါတယ်။ အဲဒီနရစွမ်ဘုရင်ရဲ့ မင်းကြီးစွာကိုအနိုင်ယူခဲ့တဲ့ စစ်ပွဲနေ့ ကို ထိုင်းနိုင်ငံမှာ တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုကျင်းပလေ့ရှိပါတယ်။ နဂိုကျောင်းတော်ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားပြီး   ကျောင်းတော် ၀င်းထဲမှာပဲ လက်ရှိဘုန်းတော်ကြီးတွေ သီတင်းသုံးနေတဲ့ဘုန်းကြီးကျောင်းလည်းရှိပါသေးတယ်။

နောက်ထပ်ရောက်ဖြစ်ခဲ့တဲ့နေရာကတော့ ၀က်မဟာသက် (Wat Maha That) ကျောင်းတော်နေရာဖြစ်ပါတယ်။ အရှေ့က၀က်ရိုင်ချိုင်မွန်ကော ကျောင်းတော်မှာအပျက်အစီးနည်းပြီး ရှေးဟောင်းအဆောက်အဦးတွေအဖြစ်တည်ရှိပေမယ့်ဝက်မဟာသက်ကျောင်းတော်မှာတော့အပျက်အစီးတွေအတော်လေးကိုများပါတယ်။

ဝက်မဟာသက်ကျောင်းတော်ဟာ၁၃၈၀၀န်းကျင်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ဘုရားကျောင်းမြေနေရာဟာ အတော်လေးကို ကျယ်ပြန့် ပါ တယ်။ ဘုရားကျောင်းရဲ့နေရာတိုင်းမှာဘုရား ဆင်းတုတော်ခေါင်းပြတ်တွေ၊  ကျောင်းတော်ရာအပျက် အစီးတွေသာကျန်ရှိတော့တယ်။ ဒီကျောင်းတော်ကြီးဟာ တော်ဝင်အခမ်းအနားတွေ၊ ပွဲတော်တွေကိုကျင်းပတဲ့ကျောင်းတော်ကြီးဖြစ်ပြီး ဘိသိက်ခံပွဲလိုမျိုးအခမ်းအနားတွေကိုပါ ကျင်းပကြပါ တယ်။

ကမ္ဘာ့နာမည်ကြီးဓာတ်ပုံတွေထဲမှာပါဝင်တဲ့ ညောင်ပင်မြစ်တွေအကြား ညပ်နေတဲ့ဘုရားဆင်းတုတော်ခေါင်းပြတ်ပုံဟာ ဒီဝက်မဟာသက်ကျောင်းတော်နေရာမှာရှိတာဖြစ်ပါတယ်။

ညောင်ပင်မြစ်တွေကြားထဲက ဘုရားဆင်း တုတော်ခေါင်းပြတ်နဲ့ မလှမ်းမကမ်းပလ္လင်ပေါ်မှာတော့ ယိုင်နဲ့နေတဲ့ ခေါင်းပြတ်နေတဲ့ကိုယ်လုံးတော်ကိုမြင်တွေ့ခဲ့ ရတယ်။ ကျောင်းတော်ရဲ့အ၀င်ဝနေရာမှာ ထောင်ထားတဲ့  ကျောင်းတော်အကြောင်းအကျဉ်းချုပ်သမိုင်းကြောင်းမှာတော့ ဒီကျောင်းတော်ဟာခရစ်နှစ်၁၇၆၇အတွင်း  နောက်    ဆုံးဖြစ်ပွားခဲ့တဲ့ မြန်မာ-ထိုင်းစစ်ပွဲ အတွင်း မီးရှို့ ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါ တယ်။

အယုဒ္ဓယမြို့ဟောင်းကနေပြန်လာတဲ့လမ်းတလျှောက်မှာ အရင်က မြန်မာဘုရင်တွေဘုန်းမီးနေလတောက်ပချိန် အယုဒ္ဓယလို့ခေါ်တဲ့ ထိုင်းနိုင်ငံကိုအကြိမ်ကြိမ်အခါခါ လက်အောက်ခံပြုနိုင်ခဲ့တာကို ပြန်စဉ်းစားမိရင်း ကျေနပ် ဂုဏ်ယူတဲ့စိတ်တွေပေါ်လာတယ်။ ဒါပေမယ့် အခုခေတ် မှာတော့ မြန်မာတွေရဲ့ငယ်နိုင်ပါဆိုတဲ့ထိုင်းနိုင်ငံမှာ မြန်မာ လူမျိုးရွှေ့ပြောင်းအလုပ်သမားအများဆုံး အောက်ကျခံ သွားအလုပ်လုပ်နေရပါရောလားဆိုတဲ့ အတွေးတွေ တဆက်တည်းခေါင်းထဲဝင်လာတဲ့အခါတော့ သက်ပြင်း ရှည်ကြီးသာရှိုက်မိတော့တယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ