တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်နေသည့် အမျိုးသားပညာရေး ဥပဒေကိစ္စကို ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်၍ တုံ့ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အမျိုးသားပညာရေး ဥပဒေ နှင့် ပတ်သက်၍ အစိုးရနှင့်လွှတ်တော်မှ တာဝန်ရှိသူများအား ရက် ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေးနွေးရန် သပိတ်မှောက်ကျောင်းသားများက ရာဇသံပေးလိုက်ပြီးနောက် ဆန္ဒပြသပိတ်မှောက်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ကျောင်းသားများက နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာသည်။
‘‘ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ညှိနှိုင်းပေးဖို့ ဆောင်ရွက်နေပါတယ်။ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် သတင်းစာတွေမှာ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန်ဖို့ရှိပါတယ်’’ ဟု ကျောင်းသားသပိတ် ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သော ပါမောက္ခချုပ်တစ်ဦးက ပြောသည်။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာဇော်မင်းအောင်တို့သည် ကျောင်းသားသပိတ်နှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့်စိန်ရတုခန်းမတွင် ယနေ့တွေ့ဆုံမည်ဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်တွင် အ မျိုးသားပညာရေး ဥပဒေအား ကန့်ကွက်သပိတ်မှောက်နေသော သပိတ်မှောက်ကျောင်းသားများသည် နေ့လယ် ၁ နာရီက စံပြ ရုပ်ရှင်ရုံရှေ့မှ မြို့တော်ခန်းမ ရှေ့သို့ လမ်းလျှောက်၍ သပိတ် မှောက်ဆန္ဒပြခဲ့ပြီး မဟာဗန္ဓုလ ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
သပိတ်မှောက်ခြင်း လေးရက်မြောက်နေ့ဖြစ်သော နိုဝင် ဘာ ၁၇ ရက် ညနေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ထိုရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေးနွေးမှုမရှိပါက တစ် နိုင်ငံလုံးရှိ ကျောင်းသားများနှင့် ပြည်သူများအား လိုက်လံစည်းရုံးကာ ကျောင်းသားအရေးတော်ပုံအဖြစ် ပြောင်းလဲ၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။
သပိတ်မှောက် ဆန္ဒပြခြင်းကို အပြီးတိုင်ရပ်နားလိုက်ခြင်း မဟုတ်ဘဲ အချိန်ပေးထားသော ရက်ပေါင်း ၆၀ အတွင်း အခြား နည်းလမ်းများဖြင့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်သွားမည်ဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားများက ပြောသည်။
‘‘လက်ရှိတိုက်ပွဲကို အပြောင်းအလဲလုပ်လိုက်တာ။ ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ ရာဇသံပေးထားတယ်။ အဲဒါမှ လာပြီး မဆွေးနွေးဘူးဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်းမှာ သပိတ်ပွဲတွေ လုပ်သွားမယ်။ ကျောင်းသား အရေးတော်ပုံကြီး ပေါ်ပေါက်အောင် လုပ်သွားမယ်’’ ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု သပိတ်ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင်က ပြောသည်။
သို့သော် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေး ဥပဒေသည် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးကာ အတတ် နိုင်ဆုံး ပြည့်စုံစေရန် အချိန်ယူ ရေးဆွဲထားသော ဥပဒေဖြစ်သဖြင့် လတ်တလောတွင် ဖျက်သိမ်းပစ်ရန် မဖြစ်နိုင်သေးကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ က ပြောသည်။
‘‘တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ လွှတ်တော်ကော်မတီတွေ၊ အစိုးရ၀န်ကြီးဌာနတွေ၊ ပြင်ပကပုဂ္ဂိုလ်အဖွဲ့အစည်း၊ ပညာရှင်တွေ အားလုံးပါဝင်ရေးဆွဲပြီး အတည်ပြုထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါကို ရုပ်သိမ်းပေးဖို့ကတော့ လွယ်မယ်မထင်ဘူး’’ဟု အဆိုပါ ဥပဒေကြမ်းအား ပါဝင်ရေးဆွဲခဲ့ သူ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီက ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော ခေတ်စနစ်နှင့် ညီညွတ်စေရန် မိမိတို့ ဆောင်ရွက်နိုင်သည့် မူဘောင်အတွင်းမှ အဖြစ်နိုင်ဆုံး နည်းလမ်းများဖြင့် အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။
ဆန္ဒထုတ်ဖော်သူများ တောင်းဆိုနေသည့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ကိစ္စရပ်မှာလည်း မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် အဆင့်မြင့်ပညာရေးဥပဒေကြမ်းတွင် ယင်းကိစ္စအား ထည့်သွင်းရေးဆွဲရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောသည်။
အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်ပေးရန် သပိတ်မှောက် ဆန္ဒပြခြင်းလား၊ အပြီးတိုင်ဖျက်သိမ်းပေးရန် သပိတ် မှောက်ဆန္ဒပြခြင်းလားဟု သပိတ်မှောက် ကျောင်းသားများအား 7Day က မေးမြန်းရာ အမျိုးသားပညာရေးဥပဒေကို အတည်ပြုလိုက်ခြင်းကြောင့် သပိတ်မှောက်ခြင်းဟု ပြောဆိုပြီး ယခုလက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးရန်အတွက်သာ ဆန္ဒရှိနေကြောင်း ပြောကြားသည်။
‘‘အဓိကကတော့ ဗဟိုထိန်းချုပ်မှုတွေ ပါနေလို့။ တစ်ဦးကောင်းတစ်ယောက်က ရေးဆွဲလို့။ အဲဒီရေးဆွဲတဲ့ အချက်ထဲမှာလည်း ပညာရေးအတွက် မကောင်းတဲ့အချက်တွေ ပါနေလို့ မကြိုက်တာပါ။ အဲဒါကို အတည် ပြုလိုက်လို့ သပိတ်မှောက်တာ။ ဆွေးနွေးတဲ့အခါကျမှ ပြင်မလား၊ ပယ်ဖျက်မလားဆိုတာ ဆွေးနွေးကြမယ်။ ကောင်းတာတွေကို ပြင်မယ်၊ ပယ်ဖျက်သင့်ရင်လည်း ပယ်ဖျက်မယ်။ အဲဒါတော့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါကျမှ သိရမှာ’’ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု သပိတ်ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြော သည်။
သပိတ်မှောက်ကျောင်းသား များသည် နိုဝင်ဘာ ၁၄ ရက် ပထ မနေ့တွင် ရန်ကုန်ဘူတာကြီးရှေ့မှ ဆူးလေ ဘုရားလမ်းတစ်လျှောက် မြို့တော်ခန်းမရှေ့အထိ သွားရောက်၍ သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည်။ နိုဝင်ဘာ ၁၅ ရက် ဒုတိ ယမြောက်နေ့တွင် သမိုင်းလမ်းဆုံ မှစတင်၍ အင်းစိန်လမ်းမတစ်လျှောက် ရန်ကုန်တက္ကသိုလ်အထိ သွားရောက်၍ ရန်ကုန်တက္ကသိုလ်ပင်မ၀င်ပေါက်တွင် အဆင့်မြင့်ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်အတွင်း ၀င်ရောက်ခွင့်မရှိဘဲ တားဆီးခဲ့သည်။
ထို့နောက် သပိတ်မှောက် ကျောင်းသားများက ရန်ကုန်တက္ကသိုလ် ပင်မ၀င်ပေါက် ခြံစည်းရိုးတံခါးကို ကျော်တက်၍ ကျောင်းသားသမဂ္ဂ အဆောက် အအုံဟောင်းနေရာနှင့် ဗိုလ်အောင်ကျော် အမှတ်တရကျောက်တိုင်ကို ဂါရ၀ပြုခဲ့ကြပြီး လှည်းတန်း လမ်းဆုံတွင် သပိတ်စခန်းဖွင့်လှစ်ခဲ့ကြသည်။
နိုဝင်ဘာ ၁၆ ရက် တတိယ မြောက်နေ့တွင် ရွှေတိဂုံစေတီအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှ ရွှေတိဂုံစေတီသို့ သွားရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းအစိုးရရုံးရှေ့ အထိ သွားရောက်၍ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။ ကြေးသွန်းဘုရားသို့ တက်ရောက်စဉ် အဆင့်မြင့် ပညာရေးဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ အခြားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်များက လာရောက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ညှိနှိုင်း၍ မရခဲ့ပေ။
သပိတ်မှောက် ကျောင်းသားများသည် နာရေးကူညီမှုအ သင်း (ရန်ကုန်)တွင် နိုဝင်ဘာ ၁၂၊ ၁၃ ရက်၌ ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးတွင် ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်အတိုင်း ဒီမိုကရေစီပညာရေး အနှစ် သာရနှင့် ပြည့်ဝသည့် အမျိုးသားပညာရေး ဥပဒေ ထွက်ပေါ်လာရေးအတွက် သပိတ်မှောက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
7Day
No comments:
Post a Comment