ရန်ကုန်၊ နိုဝင်ဘာ ၁၇
အာဆီယံနိုင်ငံများအတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် မူတည်ကာ အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မြို့ကြီးများအဖွဲ့ (AWGESC) က ပေးအပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို ရန်ကုန်မြို့တော်က ရရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဆုကို ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အာဆီယံ ဒေသတွင်းမှ မြို့ကြီးများ၏ ရေထု၊ လေထု၊ မြေထု ထိန်းသိမ်းခြင်း လုပ်ဆောင်ချက်များ အပေါ်တွင် အခြေခံ၍ ရွေးချယ်ခဲ့ရာ ရန်ကုန်မြို့တော်က ဆုရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
“ဒီလို ဆုရရှိတဲ့အတွက် နောက်ဆိုရင်လည်း မြို့တော် သန့်ရှင်းလှပအောင် ဒီထက် ပိုကြိုးစား လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ကတိပေး ပြောကြားသည်။
အဆိုပါ ASEAN ESC Award ဆုကို ၂၀၀၈ ခုနှစ်မှ စတင်ကာ သုံးနှစ်တစ်ကြိမ် ချီးမြှင့်ခြင်း ဖြစ်ပြီး တတိယ အကြိမ်မြောက် ချီးမြှင့်ရာတွင် ဆုရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် ၂၀၀၈ ခုနှစ်တွင် တောင်ကြီးမြို့၊ ဒုတိယအကြိမ် ၂၀၁၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့တို့ နှစ်သိမ့်ဆု ရရှိခဲ့ဖူးကြောင်း AWGESC ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
AWGESC အဖွဲ့ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံနိုင်ငံများတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို လျော့ကျပြီး ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်မှု ရရှိရန်အတွက် မြို့ကြီးများ အချင်းချင်း ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
the voice
No comments:
Post a Comment