Thursday, November 20, 2014

ပုဒ်မ ၄၃၆ ကိစ္စ သူရဦးရွှေမန်း ပြောကြားချက် သမ္မတ သဘောမတူ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် သမ္မတအပေါ်တွင် မူတည်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်ကို သမ္မတက သဘောမတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အမတ်များအား စည်းရုံးရန်မှာ ပြည် ထောင်စုလွှတ်တော် နာယကတွင်သာ တာဝန်ရှိကြောင်း သမ္မတဦးသိန်းစိန်က တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၁၈ ရက်က သူရ ဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အပေါ် သမ္မတက ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအောင်မြင်ရန်မှာ တပ်မတော်သား ကိုယ်စားလှယ်များကို ဦးဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရအဖွဲ့ကို ခေါင်းဆောင်သည့် သမ္မတတို့ဖြစ်ပြီး သမ္မတမှာ တပ်မတော်အပေါ်တွင် ထိုက်သင့်သည့် သြဇာရှိသည့်အတွက် ပုဒ်မ ၄၃၆ အောင်မြင်ရေးမှာ ၎င်းတို့နှစ်ဦးအပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
သို့သော် ဦးသိန်းစိန်ကမူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် ဖွဲ့စည်းပုံ ပြင်ရေးကို ထောက်ခံသည့် ကိုယ်စားလှယ်များ ရအောင် စည်းရုံးရန်မှာ သူရဦးရွှေမန်းတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
‘‘၄၃၆ ပြင်ဖို့က သမ္မတအ ပေါ်မှာပဲ မူတည်တယ်ဆိုပြီး သူရဦးရွှေမန်း ပြောကြားချက်ကို ကျွန်တော်တို့ သဘောမတူပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ပြင်နိုင်အောင်၊ ပြင်ဆင်နိုင်ဖို့ အ ဆိုတင်နိုင်ဖို့ လိုအပ်တဲ့ လွှတ် တော်အမတ်များရအောင်၊ လိုအပ်တဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးဖို့က ပြည်ထောင်စုလွှတ် တော်နာယကမှာပဲ တာဝန်ရှိ တယ်လို့ ထင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ပေါ်တွင်သာ မူတည်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျပြဋ္ဌာန်းထားပြီး လွှတ်တော်အပါအ၀င် မဏ္ဍိုင်သုံးရပ်ခွဲခြားမှုပီပြင်စေရန် သမ္မတနှင့် ၀န်ကြီးများကို ရာထူးယူထားစဉ်တွင် ပါတီတာဝန်ထမ်းဆောင်ခြင်းမပြုရန် ပြဋ္ဌာန်းထားကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲ ထွဋ်က ပြောသည်။
သမ္မတအိုဘားမားနှင့် ဖွဲ့ စည်းပုံပြင်ရေးဆွေးနွေးစဉ်က လည်း အချို့ပုဒ်မများကို လွှတ် တော်တွင် ပြင်နိုင်ပြီး အချို့ပုဒ်မ များကို ပြည်သူ့ဆန္ဒခံယူပွဲများ ပြု လုပ်၍ ပြင်ဆင်နိုင်ကြောင်း ပြော ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
သို့သော် သမ္မတ အိုဘားမားကမူ သူသာ မြန်မာသမ္မတဖြစ်ပါ က ၂၀၁၅ ရွေးကောက်ပွဲနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် သမ္မတအဖြစ် ရွေးချယ်ခံနိုင်သည့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) အပါအ၀င် အရေးကြီးပုဒ်မများကို ပြင်ဆင်လိုပါက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးသူ၏ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ၂၅ ရာခိုင်နှုန်း ပါဝင်နေသဖြင့် ၄၃၆ ပြင်ဆင်ရေးတွင် အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၏ ထောက်ခံမှုကို ရရန်လိုအပ်ပြီး ယခုအခါ တပ်မတော်သား ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ မပြင်လိုကြောင်း လွှတ်တော်တွင် ဆွေးနွေးသွားပြီဖြစ်သည်။
7Days 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ