Tuesday, November 18, 2014

အကြမ်းဖက် အဖွဲ့များလက်မှ အမေရိကန် ဓားစာခံများနှင့် ပတ်သက်သည့် မူဝါဒကို ပြန်သုံးသပ်ရန် အိုဘားမား ညွှန်ကြား


ပြည်ပနိုင်ငံများတွင် ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အမေရိကန် နိုင်ငံသားများနှင့် ပတ်သက်၍ လက်ရှိ အမေရိကန်အစိုးရ ကျင့်သုံးနေသော မူဝါဒများကို ပြန်လည် ဆန်းစစ်ရန် သမ္မတ အိုဘားမားက အမိန့်ထုတ်လိုက်သည်။
ပြည်ပနိုင်ငံများမှ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်သော အမေရိကန် ဓားစာခံများအရေး အတွက် လက်ရှိ မူဝါဒများတွင် အားနည်းချက် ရှိ၊ မရှိ ပြန်လည် သုံးသပ်ရန် သမ္မတက အမိန့်ပေးခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှ စာတစ်စောင်က ဖော်ပြခဲ့သည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ၎င်းတို့ ထိန်းသိမ်းထားသည့် တတိယမြောက် အမေရိကန် နိုင်ငံသား ဓားစာခံ တစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်လိုက်မှုနှင့် အချိန်ကိုက်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းကာလကို နေ့စွဲရေးထိုးထားသည့် အဆိုပါ ရုံးစာတွင် လက်ရှိ မူဝါဒများနှင့် ပတ်သက်ပြီး ဓားစာခံ၏ မိသားစုနှင့် ဆက်နွယ်သော ကိစ္စများ၊ ထောက်လှမ်းရေး အချက်အလက် စုဆောင်းမှုနှင့် သံတမန်ရေးရာ ဆက်သွယ်မှု မူဝါဒများကို အလေးထား ပြန်လည် သုံးသပ်မည်ဟု သိရသည်။
IS တပ်ဖွဲ့သည် အမေရိကန် ထောက်ပံ့ရေး လုပ်သားတစ်ဦးဖြစ်သည့် ပီတာ ကက်ဆစ်ကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ခြင်းဖြင့် အမေရိကန်က ၎င်းတို့ကို ဗုံးကြဲ တိုက်ခိုက်နေမှုအပေါ် ရက်စက်သော နည်းလမ်းဖြင့် တုံ့ပြန်ခဲ့သည်။
“သမ္မတက နိုင်ငံရပ်ခြားက အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်တဲ့ အမေရိကန် ဓားစာခံတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒတွေကို ပြန်ဆန်းစစ်ဖို့ မကြာသေးခင်ကပဲ ညွှန်ကြားခဲ့ပါတယ်”ဟု အဆိုပါ ရုံးစာကို ကိုးကားပြီး The Daily Beast သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ရုံးစာကို အိမ်ဖြူတော်၏ လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီမှ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဒန်ကန်ဟန်တားက သမ္မတ အိုဘားမား၏ ညွှန်ကြားချက်ဖြင့် ရေးသားခဲ့ကြောင်းလည်း သိရသည်။
အကြမ်းဖက် အဖွဲ့အစည်းများလက် ကျရောက်နေသည့် အမေရိကန်များကို ပြန်ပေးငွေ ပေးချေပြီး ရွေးယူရန် အဆိုပြုမှုများ ရှိခဲ့သော်လည်း အမေရိကန် အစိုးရက အကြမ်းဖက် အဖွဲ့များနှင့် လုံးဝ ညှိနှိုင်းမှု ပြုလုပ်မည်မဟုတ်ဆိုသော မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားသည်။ ယင်းသည် အမေရိကန်၏ ဥရောပ မဟာမိတ်များနှင့် သဘောထား ကွဲပြားမှုမျိုး ဖြစ်စေပြီး ဥရောပနိုင်ငံ အချို့၏ အစိုးရများကမူ ၎င်းတို့၏ နိုင်ငံသားများကို ကယ်ဆယ်ရန်အတွက် IS အပါအဝင် အကြမ်းဖက် အဖွဲ့အစည်း အချို့သို့ ပြန်ပေးငွေ ဒေါ်လာသန်းနှင့်ချီ ပေးချေခဲ့ကြသည်။
_Ref: Channelnewsasia

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ