နိုဝင်ဘာ ၆ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် မိုး အဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် မြို့တွင်းအခြေပြုပြေးဆွဲ သော ယာဉ်လိုင်းများမှ ယာဉ် အစီးရေအများစု ရပ်နားထားခဲ့ ရကြောင်း ယာဉ်ပိုင်ရှင်များ၊ ခရီး သွားများကပြောသည်။
‘‘လပြည့်နေ့လည်းဖြစ်တယ် ရာသီဥတုလည်းမကောင်းတော့ ယာဉ်တော်တော်များများ လိုင်းမထွက်နိုင်ကြဘူး။ ထွက်တဲ့ ကားတချို့ဆိုလည်း တစ်ကြောင်းလောက်ဆွဲပြီး ပြန်သိမ်းလိုက်ကြတာရှိတယ်။ အရင်လပြည့်နေ့တွေကထက် ဒီနေ့ကရာသီဥတုကြောင့် ပိုဆိုးသွားတဲ့သဘောပါ’’ ဟု(၄၈)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုတရုတ်လေးက ပြောသည်။
ယာဉ်အများစု ပြေးဆွဲခြင်းမရှိသောကြောင့် ပုံမှန်ခရီးသွားများမှာ ဘတ်စ်ကားမှတ်တိုင်များ၌ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရပြီး ကျပ်ညပ်စွာစီးနင်းခဲ့ရကြောင်း ခရီးသွားများကပြောသည်။
‘‘အခါတိုင်းပိတ်ရက်တွေမှာလည်း ကားရှားတတ်ပါတယ်။ ဒီနေ့ကတော့ အဆိုးဆုံးပဲ။ ရှားရှားပါးပါးထွက်တဲ့ကားတွေဆိုလည်း လမ်းတစ်ဝက်ပြန်လှည့်တာတွေရှိခဲ့တယ်။ ကားကရှားတော့ နေ့လယ်မှာတောင် ကျပ်ညပ်နေတာပဲ’’ဟု မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် ကိုအောင်သူကပြောသည်။
ယင်းနေ့တွင် လိုင်းမထွက်သောယာဉ်အစီးရေမှာ စုစုပေါင်း လိုင်းကားများ၏ ထက်ဝက်ကျော် ရှိသည်ဟု ယာဉ်မောင်းအချို့က ခန့်မှန်းပြောကြားခဲ့ပြီး မထသ ဥက္ကဋ္ဌ ဦးလှအောင်ကမူ ယာဉ်လိုင်းမထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ယာဉ်ပိုင်ရှင်များက ကြိုတင်အသိပေးအကြောင်းကြားထားခြင်းမရှိသောကြောင့် အရေအတွက် အတိအကျ မသိနိုင်ကြောင်းပြောသည်။
‘‘အင်းစိန်ဘက်ကတော့ ဆိုးတယ်။ သစ်ပင်တွေလဲ၊ ရေကကြီးဆိုတော့ အချို့ကားတွေ ယာဉ်လုပ်သားတွေ ခွင့်ယူကြတော့ မထွက်နိုင်ကြတာရှိတယ်။ ယာဉ်ပိုင်ရှင်တွေက ယာဉ်မထွက်နိုင်လို့ ကျွန်တော်တို့ဆီ ကြိုစာရင်းတင်ရတဲ့စနစ်က မရှိသေးဘူး။ ယာဉ်ပိုင်ရှင်က အလှူရှိတာမျိုးကျ သူတို့ မထွက်နိုင်တာမျိုးတွေရှိနိုင်တာပဲ။ ဒါကျတော့ ကျွန်တော်တို့သွား ပြောလို့မရပြန်ဘူး’’ဟု ဦးလှအောင်ကပြောသည်။
ယင်းနေ့တွင် ၄၈ အထူး ယာဉ်လိုင်းမှ ယာဉ်စီးရေ ၅၀ ကျော် ရှိသည့်အနက် အစီးနှစ်ဆယ်ခန့်သာ ပြေးဆွဲနိုင်ခဲ့သည်ဟု ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
7Day
No comments:
Post a Comment