Friday, November 14, 2014

မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပိုမိုအားထုတ်ရန်လိုအပ်ကြောင်း အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပြော


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့ တွေ့ဆုံဆွေးနွေးမှုတွင် ကမ္ဘာသိ ခေါင်းဆောင်နှစ်ဦးစလုံးက မြန်မာနိုင်ငံ အနေဖြင့် စစ်တပ်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာတွင် လက်ရှိထက် ပိုမိုအားထုတ်ရန် လိုအပ်ကြောင်း သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံသို့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် အိုဘားမားသည် နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် ဗြိတိန်နိုင်ငံသားများဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံ ဥပဒေအရ သူမကို သမ္မတအဖြစ် ရွေးကောက်ခံခွင့်မှ တားမြစ်ကန့်သတ်ထားသည်။ ယင်းအခြေအနေကို အိုဘားမားက ဝေဖန်ပြောကြားခဲ့သည်။
“ကျွန်တော်ကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ ကလေးတွေက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကြောင့် သမ္မတအဖြစ် ရွေးကောက်ခံခွင့် မရှိအောင် ကန့်သတ် တားမြစ်ထားတယ်ဆိုတဲ့ သတ်မှတ် ပြဋ္ဌာန်းချက်မျိုးကို လုံးဝ နားမလည်နိုင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်အတွက်တော့ အဓိပ္ပာယ် မရှိသလိုပဲ”ဟု အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ယှဉ်တွဲရပ်ရင်း သတင်းထောက်များအား ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မြန်မာနိုင်ငံသားအားလုံး သာတူညီမျှ အခွင့်အရေး ရှိသင့်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် ဒါဟာ ကျွန်မရဲ့ ကလေးတွေကို အခြေပြုပြီး ခွဲခြားဆက်ဆံမှု တစ်ခုပါပဲ”ဟု အခြေခံဥပဒေပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍မှတ်ချက်ပြုခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် ပြီးမြောက် အောင်မြင်မှု မရှိသေးသလို ကောင်းမွန်လာရန် မျှော်လင့်ချက် မရှိသည့် အခြေအနေမျိုးလည်း မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် ကြိုးကြိုးစားစား လုပ်ဆောင်မှုများ လိုအပ်နေဆဲဟု ၎င်းက ဆိုသည်။ အိုဘားမားက ၎င်းကဲ့သို့ပင် နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ထောက်ခံအားပေး နေမည်ဟုလည်း ပြောကြားခဲ့သည်။
အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းကာ “ခင်ဗျားဟာ မြန်မာပြည်သူလူထု ကိုယ်စား အနာဂတ် ဒီမိုကရေစီအတွက် ဆက်ပြီး ထောက်ခံအားပေးနေမယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ခင်ဗျားဟာ အမေရိကန် ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ လက်တွဲဖော်တစ်ယောက်အဖြစ် ရှိနေမယ် ဆိုတာကိုလည်း ကျွန်တော်သိတယ်”ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အရှိန်အဟုန် နှေးကွေးနေမှုနှင့် ပတ်သက်၍ အကောင်းမြင်မှုနှင့် အဆိုးမြင်မှုကြား မျှတပြီး အားကောင်းခိုင်မာစွာ ရပ်တည်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
“ကျွန်မတို့ရဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုတွေဟာ ခက်ထန်တဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတယ်။ ဒါပေမဲ့ ဒီလို ခက်ထန်တဲ့ ကာလမျိုးတွေမှာ တစ်ကမ္ဘာလုံးက ကျွန်မတို့ရဲ့ မိတ်ဆွေတွေရဲ့ အကူအညီပေးမှု၊ နားလည်မှုတွေနဲ့အတူ ကျွန်မတို့ အနေနဲ့ အခိုင်အမာ ညှိနှိုင်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားခဲ့သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် အိုဘားမားနှင့် ဒီချုပ်ဥက္ကဋ္ဌတို့မှာ တစ်နာရီကြာတွေ့ဆုံဆွေးနွေးမှုတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ စသည့်အရေးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ