Friday, September 5, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘာလင်မြို့ရှိ လေအားလျှပ်စစ် ထုတ်လုပ်သည့် Wind Park သို့ သွားရောက်လေ့လာ

 





ဘာလင် စက်တင်ဘာ ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့သည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ လေအားလျှပ်စစ် ထုတ်လုပ်သည့် လေရဟတ်များရှိသော Wind Park (Energy Sufficient Feldheim Village) ကို သွားရောက်လေ့လာကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့အား Wind Park ရှိ ရှင်းလင်းဆောင်၌ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများက လေရဟတ်များမှ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးပြီး ဂျာမနီနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ၂၅ ရာခိုင်နှုန်း ထုတ်လုပ်ပေးသည့် လေအား လျှပ်စစ်ထုတ်လုပ်နေသော လေရဟတ်များ တည်ရှိရာသို့ သွားရောက် ကြည့်ရှု လေ့လာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဂျာမနီနိုင်ငံ လွှတ်တော်ရုံးသို့ ရောက်ရှိကြပြီး ဂျာမနီနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H. E. Mr. Norbert Lammert နှင့်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံတွင် မဏ္ဍိုင်ကြီးသုံးရပ် ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့်တရားရေးမဏ္ဍိုင်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသအဆင့်များတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများ ခွဲဝေ ကျင့်သုံးနေမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် Korber Foundation ရုံးချုပ်သို့ရောက်ရှိပြီး ဂျာမနီနိုင်ငံ Non-Political Think Tank အဖွဲ့ဖြစ်သော Korber Foundation ဥက္ကဋ္ဌ Mr. Christian Wriedt က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်နှင့် သံရုံးမိသားစုများ၊ မြန်မာပညာတော်သင်များအား စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ဘာလင်မြို့ရှိ မြန်မာနိုင်ငံ သံအမတ်ကြီးနေအိမ်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့်ပုဂ္ဂလိက ကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲနေမှုများ၊ နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
သမ္မတရုံး
 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ