ဗြိတိန် တော်ဝင်မိသားစုက မင်းသား ဝီလျံနှင့် ကြင်ရာတော် ကိတ်မစ်ဒယ်လ်တန်တို့တွင် ဒုတိယမြောက် ရင်သွေးလေး ရရှိလာတော့မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ကင်းဘရစ်ဂ်ျ နယ်စားကတော်တွင် ဒုတိယကိုယ်ဝန် လွယ်ထားသည့် သတင်းကို စက်တင်ဘာ (၈)ရက်တွင် ဘက်ကင်ဟမ် နန်းတော်က ထုတ်ပြန်ခဲ့သည်။ “ဘုရင်မကြီးအပြင် နှစ်ဖက်မိသားစုက ဒီသတင်းအတွက် ပျော်ရွှင် စိတ်လှုပ်ရှားနေပါတယ်”ဟု နန်းတော်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
ဝီလျံနှင့် ကိတ်တို့သည် (၂၀၁၃)ခုနှစ်၊ ဇူလိုင်လ အတွင်းက သားဦးလေးအဖြစ် မင်းသားဂျော့ဂ်ျကို ဖွားမြင်ထားသည်။ ထို့နောက် တစ်နှစ်ကျော် အကြာ၌ ယခုကဲ့သို့ ကိတ်တွင် ဒုတိယ ကိုယ်ဝန် ရရှိလာခြင်း ဖြစ်သည်။
အဆိုပါ သတင်းကို ကြားသိပြီးနောက် ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ ပြည်သူများနှင့် နာမည်ကျော် ပုဂ္ဂိုလ်များက ကောင်းချီးပေး ဂုဏ်ပြုခဲ့ကြသည်။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က “ကင်းဘရစ်ဂ်ျ နယ်စားနဲ့ နယ်စားကတော်ကို ဂုဏ်ပြုပါတယ်။ သူတို့တွေ နောက်ထပ် ရင်သွေးလေး ရလာမယ့် ပျော်စရာ သတင်းအတွက် ကျွန်တော် ကြည်နူးမိပါတယ်”ဟု Twitterတွင် ရေးသားခဲ့သည်။
ကလေးမှာ ယောက်ျားလေး၊ မိန်းကလေး မကွဲပြားသေးသော်လည်း ဗြိတိသျှ နာမည်ကြီး လောင်းကစားဒိုင် Paddy Powerက မွေးဖွားလာမည့် ကလေးအတွက် ခန့်မှန်းအမည်ကိုပင် လောင်းကြေး ကြိုဖွင့်ထားပြီ ဖြစ်သည်။ အဆိုပါ ကြေးအရ ကလေးသည် ယောက်ျားလေး ဖြစ်ပါက ဟင်နရီ၊ မိန်းကလေးဖြစ်ပါက အဲလိဇဘက်သ်နှင့် ဗစ်တိုးရီးယားဆိုသော အမည်များကို ကိတ်က ရွေးချယ် မှည့်ခေါ်လိမ့်မည်ဟု ကြေးအမြင့်ဆုံး ပေးထားကြောင်းလည်း သိရှိရသည်။
_Ref: BBC
No comments:
Post a Comment