Sunday, September 21, 2014

UNFC ကြောင့် ငြိမ်းချမ်းရေးခက်ခဲနိုင်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသတိပေး




ရန်ကုန်၊ စက်တင်ဘာ ၂၀

တိုင်းရင်းသားလက်နက် တပ်ပေါင်းစုတစ်ခု ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို အခက်အခဲများ ဖြစ်စေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောကြားလိုက်သည်။ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က သင်တန်းသား အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့ အချို့သည် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှ အထောက်အပံ့ယူ၍ နိုင်ငံရေးနှင့် အခြားအင်အား တည်ဆောက်မှုများ၊ တောင်းဆိုမှုများ ပြုလုပ်လာကြောင်း၊ မကြာသေးမီက ကြေညာချက်များ ထုတ်ပြန်ခဲ့သည့် UNFC ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်သည်ကို သတိထားရန်လိုကြောင်း ၎င်းက ပြောဆိုထားခြင်း ဖြစ်သည်။

တပ်မတော်အနေနှင့် ငြိမ်းချမ်းရေး ရယူလိုသည်မှာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ အေးချမ်းစွာ နေထိုင်လိုသော ဆန္ဒတို့အား ရှေးရှု၍ အတတ်နိုင်ဆုံး လိုက်လျောဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အခြားစိန်ခေါ်မှု တစ်ရပ်မှာ ယခုလဆန်းပိုင်း ဘာသာရေးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အား အယ်လ်ကိုင်ဒါအဖွဲ့မှ ဘာသာရေးစစ် ဆင်နွှဲမည့် ကိစ္စဖြစ်ကြောင်း ကာကွယ်ရေ ဦးစီးချုပ်က ထပ်လောင်း ပြောဆိုသည်။

ဧပြီလအတွင်း တပ်မတော်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PLSF/TNLA) တို့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဆိုကာ အဆိုပါ ထိုးစစ်များ ရပ်တန့်ရန်နှင့် မရပ်တန့်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း UNFC က ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင် UNFC မှာ အစိုးရ၊ တပ်မတော်တို့နှင့် ထိပ်တိုက်တွေ့နိုင်ဖွယ် ရှိသော ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲခြင်းနှင့် ဖက်ဒရယ် တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း UNFC မှ တစ်ဆင့်သာ လုပ်ဆောင်ရန် ပြောဆိုထားသော အဖွဲ့ဖြစ်သည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပြီး သြဂုတ်လ အတွင်းက ပြုလုပ်သည့် ပထမအကြိမ် ညီလာခံတွင် အစဉ်အလာကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) က အဖွဲ့ဝင်အဖြစ် ပါဝင်မှု ရပ်ဆိုင်းခဲ့သည်။
 Oppositeye myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ