Sunday, September 7, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘန်းမြို့အသုံးချသိပ္ပံ ပညာတက္ကသိုလ်နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် အစားအစာသိပ္ပံ ပညာသင်ကျောင်းတို့ကို ကြည့်ရှုလေ့လာ

 






ဘန်း စက်တင်ဘာ ၇
ဆွစ်ဇာလန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ဘန်းမြို့နယ်အတွင်းရှိ အသုံးချ သိပ္ပံပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် Zollikofen ကျေးရွာရှိ အသုံးချ သိပ္ပံပညာတက္ကသိုလ် (Berne University of Applied Sciences) သို့ ရောက်ရှိကြရာ တက္ကသိုလ်၏ ညွှန်ကြားရေးမှူး Dr. Schindler Stokar Magdalena က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ဆွစ်ဇာလန် အုပ်ချုပ်ရေးမှူး စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပရော်ဖက်ဆာ Fritz Schnelder က ဆွစ်ဇာလန်နိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု ဆိုင်ရာ Value Chain နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပရော်ဖက်ဆာ Roland Burki က ဆွစ်ဇာလန်နိုင်ငံ၏ စိုက်ပျိုးရေး စားသောက်ကုန်ဆိုင်ရာ ပညာရေး စနစ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ရှင်းလင်းပြောကြားချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပရော်ဖက်ဆာများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စားသောက်ကုန်သိပ္ပံပညာနှင့် စပ်လျဉ်းသည့် Pilot Plant ကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် အသုံးချ သိပ္ပံတက္ကသိုလ်၏ စိုက်ပျိုးမွေးမြူရေးခြံသို့ ရောက်ရှိကြပြီး Schupfen ကျေးရွာရှိ စိုက်ပျိုးမွေးမြူရေး ခြံအတွင်း နို့စားနွားများ မွေးမြူထားရှိမှု၊ အစားအစာ ကျွေးမွေးမှုနှင့် နို့စားနွားစာများ စနစ်တကျ ထုတ်လုပ်မှုနှင့် နို့စားနွား များအား စက်ဖြင့် နို့ညှစ်ယူ၍ ထုတ်လုပ်ဖြန့်ချိမှု တို့ကို ကြည့်ရှုလေ့လာရာ Mr. Peter Spring က လိုက်လံ ရှင်းလင်း ပြသသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စိုက်ပျိုးမွေးမြူရေးခြံ မိသားစုဝင် များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ဒေသထွက်ကုန် အစားအစာများဖြင့် တည်ခင်း ဧည့်ခံသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့် ဘန်းမြို့ရှိ Hotel Bellevue Palace ၌ ဂျီနီဗာမြို့ရှိ မြန်မာ သံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များ၊ ပညာတော်သင် များအား တွေ့ဆုံ၍ သြဝါဒ စကားပြောကြား ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်ဝေက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲက ဘန်းမြို့ရှိ Payerne Air Base ပိုင်ယန်း လေတပ်စခန်း၌ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်အား ကြည့်ရှု လေ့လာ ရာတွင် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impulse ကို ၂၀၁၀ ခုနှစ် ဇွန်လတွင် စတင်ပျံသန်းခဲ့ပြီး ပထမဆုံးအကြိမ် လောင်စာဆီ မသုံးဘဲ ၂၆ နာရီဆက်တိုက် ပျံသန်းနိုင် သည့် လေယာဉ်အဖြစ် မှတ်တမ်းတင် ခံရကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး ယခု လေယာဉ်သည် ဒုတိယ မျိုးဆက် လေယာဉ်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင် ကမ္ဘာတစ်ပတ် ပျံသန်းမှု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ထို့သို့ ပျံသန်းစဉ် မြန်မာနိုင်ငံတွင် ခရီးတစ်ထောက် ဆင်းသက်ရပ်နားလိုကြောင်းဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ဆွစ်ဇာလန်နိုင်ငံသမ္မတ Mr. Didier Burkhalter က ကမ်းလှမ်းခဲ့ သဖြင့် နိုင်ငံတော်သမ္မတက သဘောတူခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ခရီးစဉ်အောင်မြင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လတွင် အဆိုပါလေယာဉ်သည် မန္တလေးမြို့တွင် ခရီးတစ်ထောက် ရပ်နား ဆင်းသက်မည် ဖြစ်ပြီး ထိုသို့ ရပ်နားစဉ်ကာလအတွင်း နေရောင်ခြည်စွမ်းအင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အများပြည်သူ လေ့လာနိုင်ရန် စီစဉ်ပေးခြင်း တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အစီအစဉ်အရ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ယင်းနေရောင်ခြည် စွမ်းအင်သုံး လေယာဉ် ခရီးတစ်ထောက်ရပ်နားမည်ဟု သိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် Konolfingen ရှိ Nestle စက်ရုံကို သွားရောက် ကြည့်ရှု လေ့လာကြသည်။

Nestle ကုမ္မဏီသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၆ နှစ်တာကာလအတွင်း ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၂၀၁၃ ခုနှစ်တွင် နက်စ်လေ မြန်မာကုမ္ပဏီကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခဲ့ပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

နက်စ်လေ ကုမ္ပဏီအနေဖြင့် ကော်ဖီ၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ရေသန့်နှင့် ဖျော်ရည် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သမ္မတရုံး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ