Monday, September 8, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇူးရစ်မြို့ရှိ ပြတိုက်များအား ကြည့်ရှုလေ့လာ

 






ဇူးရစ်  စက်တင်ဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ဘန်းမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာ လာရာ  ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဇူးရစ်မြို့ရှိ ယဉ်ကျေးမှုသမိုင်းပြတိုက် (Schweizer Landesmuseum) သို့ ရောက်ရှိကြသည်။

ထို့နောက်  ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်  ဆွစ်ဇာလန်နိုင်ငံ၏ သမိုင်းဆိုင်ရာ ပြခန်းများမှ ခေတ်အဆက်ဆက် လူ့အသုံးအဆောင် ပစ္စည်းများ၊ အဝတ်အထည်များနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာများကို လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြတိုက်၏ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ပြတိုက်မှ တာဝန်ရှိသူများသည် အမှတ်တရ လက်ဆောင် ပစ္စည်းများကို အပြန်အလှန် ပေးအပ်ကြသည်။

ဆွစ်ဇာလန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ Federal Office of Culture လက်အောက်ခံ Swiss National Museum သည် ဇူးရစ်မြို့၌ တည်ရှိပြီး ၁၈၉၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ အဆောက်အဦ ဗိသုကာ ပညာရှင်မှာ ဆွစ်လူမျိုး Mr. Gustav Guil ဖြစ်ပြီး ၎င်းသည် ဇူးရစ် နည်းပညာ သိပ္ပံကျောင်းဆင်း တစ်ဦးဖြစ်သည်။ ပြင်သစ် ခေတ်ဆန်း ရဲတိုက်ပုံစံများဖြင့် Sihl နှင့် Limmat မြစ်နှစ်ခုကြားရှိ အလယ်ကျွန်းတွင် တည်ရှိနေပြီး သာယာလှပသည့်အတွက် ဇူးရစ်မြို့ဟောင်း၏ အဓိက လည်ပတ် စရာ နေရာ တစ်ခုဖြစ်သည်။

သမိုင်းမတည်မီ ရှေးပဝေသဏီ လူသားအစ ကာလမှသည် အလယ်ခေတ်နှင့် (၂ဝ) ရာစု အထိကို လည်းကောင်း၊ ခေတ်သစ် အနုပညာလက်ရာများကို လည်းကောင်း၊ ခင်းကျင်း ပြသထားသည်။ ဂျာမန်နှင့် ပြင်သစ်ဘာသာများဖြင့် ယဉ်ကျေးမှု မဂ္ဂဇင်းကို ထုတ်ဝေသည်။ အခါအားလျော်စွာ ပြုလုပ်သည့် ပြပွဲအစီအစဉ်များရှိပြီး ပန်းချီနှင့် ရုပ်ရှင်ပြပွဲများလည်း ပြုလုပ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်း ပြသသည့် Guided Tour များကို အပတ်စဉ် ပြုလုပ်လေ့ရှိသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ပုဂံနှင့် ပျူယဉ်ကျေးမှုပြပွဲ ကျင်းပမည့် Rietberg Museum သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း ခင်းကျင်း ပြသထားမှုများကို ကြည့်ရှုလေ့လာကြသည်။

ယင်းပြတိုက်သည် ဇူးရစ်မြို့၌ပင် တည်ရှိသည့် ဥရောပတိုက် ပြင်ပမှ အနုပညာ လက်ရာ များကို ခင်းကျင်းပြသသည့် ပြတိုက်တစ်ခုဖြစ်ပြီး ဇူးရစ်မြို့၏ တတိယ အကြီးဆုံး ပြတိုက် ဖြစ်ကာ နှစ်စဉ် လေ့လာသူပေါင်း (၁၅ဝဝဝဝ) ကျော်ရှိသည်။ ၁၉၄ဝ ခုနှစ်များမှ စတင် တည်ထောင်ခဲ့ပြီး Monograph စာအုပ်များနှင့် အာရှရှေးဟောင်း သုတေသန ပညာ တစ်နှစ် နှစ်ကြိမ်ထုတ် ပညာရပ်ဆိုင်ရာ ဂျာနယ်၊ ထုတ်ဝေမှုကိုလည်း ပြုလုပ်သည်။

ဇူးရစ်မြို့အုပ်ချုပ်ရေးမှူးရုံးမှ စီမံခန့်ခွဲပြီး ခင်းကျင်းပြသထားသည့် အနုပညာလက်ရာများသည် စုစောင်းရရှိသည့် ပစ္စည်းများအပြင် လှူဒါန်းမှုများမှ လက်ခံရရှိသည် များလည်း အများအပြား ရှိသည့်အတွက် ဥရောပ ဒေသပြင်ပ လက်ရာများကို စုံလင်စွာ လေ့လာ နိုင်သည့် ဥရောပတိုက် အတွင်းရှိ တစ်ခုတည်းသော ပြတိုက်ဖြစ်သည်။
သမ္မတရုံး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ