Saturday, September 27, 2014

လေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့၏ အရေးပါသည့် ခေါင်းဆောင်တစ်ဦး သေဆုံး


အမေရိကန် ဦးဆောင်သည့် လေကြောင်း စစ်ဆင်ရေးများအတွင်း အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွ အဖွဲ့၏ အရေးပါသော ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကြေညာခဲ့သည်။

စက်တင်ဘာ (၂၆)ရက်က ဆီးရီးယား အရှေ့ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ IS အဖွဲ့၏ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။ “ဒီယာအက်ဇောမြို့ အနောက်ဘက်က IS အခြေစိုက် အဆောက်အအုံ တစ်ခုထဲက ဆိုင်ကယ်တစ်စီး ထွက်လာပါတယ်။ လူနှစ်ဦး လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ပူးပေါင်းတပ်ဖွဲ့ လေယာဉ်တစ်စီးက ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ ဖြစ်ပါတယ်”ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။

အဆိုပါ ဆိုင်ကယ်ပေါ် ပါလာသူ နှစ်ဦးစလုံး သေဆုံးပြီး ယင်းတို့အနက် တစ်ဦးမှာ IS ၏ အရေးပါသူ ခေါင်းဆောင်ပိုင်း တစ်ဦး၏ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ တာဝန်ရှိသူ ရာမီအက်ဘ်ဒဲလ် ရာမန်းက ပြောကြားခဲ့သည်။ “အဲဒီလူက အာရပ်နွယ်ဖွား တစ်ဦးပါ။ လေကြောင်းတိုက်ခိုက်မှုမှာ သူရော၊ ဆိုင်ကယ်ပေါ်က တခြားသူပါ သေဆုံးသွားပါတယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါ IS ခေါင်းဆောင်၏ အမည်နှင့် ရာထူးတို့ကိုမူ ၎င်းက အတိအကျ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ချေ။

 IS တပ်ဖွဲ့များသည် အီရတ်နှင့် နယ်ခြားဒေသရှိ ဒီယာအက်ဇောမြို့နှင့် ခရိုင်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။ ရာမန်းက စက်တင်ဘာ (၂၆)ရက် တိုက်ခိုက်မှုသည် IS၏ လှုပ်ရှားမှုများကို အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ လေယာဉ်များက စနစ်တကျ အနီးကပ် စောင့်ကြည့်နေကြောင်း ပေါ်လွင်စေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အမေရိကန်သည် ဩဂုတ်(၈)ရက်မှ စတင်ကာ အီရတ်နယ်မြေများတွင် IS တပ်ဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ အမေရိကန် စစ်ဘက်လေယာဉ်များ၏ ဗုံးကြဲပစ်ခတ်မှုသည် အကြိမ်(၂၀၀) ကျော်လွန်သွားပြီ ဖြစ်သည်။ ယခုအခါ အမေရိကန်အပြင် ဥရောပနှင့် အာရပ် မဟာမိတ် တိုက်လေယာဉ်များပါ ပူးပေါင်းကာ ဆီးရီးယား ပိုင်နက်ဘက်တွင်ပါ IS တပ်ဖွဲ့များကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်လျက် ရှိသည်။

_Ref: Channelnewsasia

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ