ပြည်တွင်းငြိမ်းချမ်းရေး အားကျိုးမာန်တက်ဆောင်ရွက်ပေး
UPWCနှင့် NCCTတွေ့ဆုံညှိနှိုင်းဆွေးနွေး
ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ကိစ္စရပ်များသည် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဆောင်ရွက် မရဟု မှတ်ယူကြောင်း၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အကောင်အထည်ဖော်ရန်အတွက် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုများလည်းရှိလာကြောင်း UPWC ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀မြှင့်တင်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က NCCTတိုင်းရင်းသားခေါင်းဆောင်များကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့တစ်တွေခုလို စားပွဲဝိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်း နှီးနှီးနဲ့ ပြောဆိုဆက်ဆံပြီးတော့မှ လိုအပ်ချက်တွေကို ညှိနှိုင်းဖြေရှင်း နိုင်တဲ့ အတွက် ဒီနေ့ဒီနိုင်ငံထဲမှာ ရှိနေတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက် ကိုင် ပဋိပက္ခများကိုလျှော့ချနိုင်တဲ့အတိုင်းအတာဟာ တော်တော်ကြီးကြီး မားမား လျှော့ချနိုင်ခဲ့ပြီဆိုတာ ငြင်းပယ်လို့မရပါဘူး ”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊တပ်မတော်၊နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများအားလုံးပူးပေါင်းဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊လွှတ်တော်နှစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း
လွှတ်တော်နှစ်ရပ်လုံးမှ ဥက္ကဋ္ဌများအနေဖြင့်လည်း ငြိမ်းချမ်းရေး သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပြီး ယင်းအတွက်ကြောင့် အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုသည်ဟု တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့်တွေ့ဆုံတိုင်း တိုက်တွန်း ပြောဆိုမှုများရှိကြောင်း ။ ပြည်သူလူထု မျှော်လင့် နေသည့် ငြိမ်းချမ်းရေးကို လွှတ်တော်များ၏ ဆောင်ပုဒ်အတိုင်း ဒေသစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲအဖွဲ့အစည်းစွဲ မထားကြဘဲ နိုင်ငံအကျိုးကို ရှေးရှုကာ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်နိုင်စေကြောင်း ဆုမွန်ကောင်းစကားပြောကြားခဲ့သည်။

No comments:
Post a Comment