ဘန်း စက်တင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဘန်းမြို့ရှိ Payerne Air Base ပိုင်ယန်း လေတပ်စခန်းသို့ သွားရောက်၍ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် ကို ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် စီမံကိန်း တည်ရှိရာ ပိုင်ယန်း လေတပ်စခန်းသို့ ရောက်ရှိကြရာ စီမံကိန်း တာဝန်ခံများက ကြိုဆိုကြသည်။
ထို့နောက် ရှင်းလင်းခန်းမ၌ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်တီထွင် ထုတ်လုပ်၍ စတင်ပျံသန်းခဲ့မှုများနှင့် စပ်လျဉ်း၍ မှတ်တမ်း ဗွီဒီယိုကို ပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် ပြသ ထားမှုကို ကြည့်ရှု့လေ့လာရာ စီမံကိန်း တာဝန်ရှိသူများက လေယာဉ် နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်းပြောကြား ပြသသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ပေါ်သို့ တက်ရောက် ကြည့်ရှု့လေ့လာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား စီမံကိန်း တာဝန်ရှိသူများက လေယာဉ်နှင့် ပတ်သက်သည့် စာအုပ်ကို လက်ဆောင်အဖြစ် ပေးအပ်ပြီး နိုင်ငံတော်သမ္မတ ကလည်း အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်၍ စီမံကိန်း တာဝန်ရှိသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ၂၀၁၅ ခုနှစ်တွင် ဒုတိယ အကြိမ်မြောက် စမ်းသပ်ပျံသန်းမှု ပြုလုပ်မည်ဖြစ်ပြီး ထိုခရီးစဉ်အတွင်း ၂၀၁၅ ခုနှစ် မတ်လတွင် မန္တလေးမြို့သို့ ခရီးတစ်ထောက် ဆင်းသက်ရပ်နားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုင်ယန်းလေတပ် စခန်းသည် Vaud ပြည်နယ် Payeme ခရိုင် Payeme မြို့၏ မြောက်ဘက်တွင် တည်ရှိသည့် စခန်းတစ်ခုဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ မြို့တော် ဘန်းမြို့ နှင့် Vaud ပြည်နယ် မြို့တော် Lausanne တို့ကို ချိတ်ဆက်ထားသည့် မော်တော်ကားလမ်း၏ လမ်းခုလတ် အပိုင်းတွင် ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၄၆၀ အထက်တွင် တည်ရှိသည်။
ပိုင်ယန်း လေတပ်စခန်းသည် လေကြောင်း စစ်ပညာသင်ကြားသည့် ဌာနအဖြစ် လည်းကောင်း၊ လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်သည့် နေရာအဖြစ် လည်းကောင်း လေယာဉ်အမျိုးအစား အမျိုးမျိုး စမ်းသပ် ပျံသန်းရာ နေရာအဖြစ် လည်းကောင်း ဆောင်ရွက်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် Konolfingen ရှိ Nestle စက်ရုံသို့ ရောက်ရှိကြရာ Execuvtive Vice President and Zone Director for Asia, Oceania, Africa and Middle East, Mr. Nandu Nandkishore က ကြိုဆိုပြီး စက်ရုံမှ တာဝန်ရှိသူများအား မိတ်ဆက်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ Mr. Nandu Nandkishore က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ရှင်းလင်းခန်းမတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား NHW journey and the Micronuutrient impact studies နှင့် ပတ်သက်၍လည်း ကောင်း၊ Fresh Milk Sourcing နှင့်ပတ်သက်၍ လည်းကောင်း တာဝန်ရှိသူများက ရှင်းလင်း ပြောကြား ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
သမ္မတရုံး
No comments:
Post a Comment