ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Nguyen Sinh Hung နှင့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၆ နံနက် ၉ နာရီချိန်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ နိုင်ငံတော် ဧည့် ဂေဟာ၊ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် ဒေသတစ်ခုအတွင်းတွင် အတူ ယှဉ်တွဲနေထိုင်ကြသော ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်နိုင်ငံများဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအား၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများ ကောင်းမွန်ရန်မှာ အဓိက လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များမှတစ်ဆင့် နှစ်နိုင်ငံလွှတ်တော် အချင်းချင်း၊ နှစ်နိုင်ငံအစိုးရ အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာလာခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရရှိရုံသာမကဘဲ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် လည်းကောင်း၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်းကောင်း ပိုမိုခိုင်မာလာမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အဓိက ကဏ္ဍ (၁၂)ရပ်တို့တွင်လည်း အောင်မြင်မှုများ မြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ရာသီဥတု ပထဝီဝင်အနေအထားများ နီးစပ်မှုရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့နိုင်သော အလားအလာကောင်းများရှိ ပါကြောင်း၊ အခြေခံအဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံများ ဦးစွာ လိုအပ်ပါ ကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်ရေးအား အချိန်မီ ပီပြင်စွာ ဖော်ဆောင်နိုင်မည် ဖြစ်ပါ ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်၊ ဒေါက်တာခင်ရွှေ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းလှိုင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Nguyen Sinh Hung နှင့်အတူ ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဗီယက်နမ်- မြန်မာ ပူးတွဲကော်မရှင် ဥက္ကဋ္ဌ Mr. Cao Duc Phat ၊ ဗီယက်နမ်- မြန်မာ လွှတ်တော် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Nguyen Manh Tien နှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
၂၀၁၄ စက်တင်ဘာ ၇ ရက်
ပြည်သူ့လွှတ်တော်
No comments:
Post a Comment