Tuesday, September 30, 2014

ဒိုင်ကိုထိုးကြိတ်သော နည်းပြနှင့် ကစားသမားများကို ရာသက်ပန် ပွဲပယ်


မန္တလေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲတွင် ကွင်းလည်ဒိုင်လူကြီးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်းဘောလုံးအသင်းမှ နည်းပြနှစ်ဦးနှင့် ကစားသမားရှစ်ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ တွင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကွင်းလယ်ဒိုင်လူကြီးကို စစ်ကိုင်းတိုင်းဘောလုံးအသင်းသားများက ၀ိုင်းဝန်းထိုးကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။
ထိုသို့ထိုးကြိမ်မှုများပြုလုပ်ခြင်းကြောင့် စစ်ကိုင်းတိုင်း ဘောလုံးအသင်းအား အရေးယူဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဘောလုံးပွဲကျင်းပရာ မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းသို့ ရောက်ရှိလာပြီး အစည်းအဝေးပြုလုပ်၍ စစ်ကိုင်းတိုင်း ဘောလုံးအသင်းအား အထက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကွင်းလယ်ဒိုင်လူကြီးအား ထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်း ဘောလုံးအသင်းမှ နည်းပြချုပ် ဦးထွေးမောင်မောင်နှင့် အရံနည်းပြတစ်ဦး၊ ကွင်းအတွင်း ကစားသမားငါးဦးနှင့် အရံကစားသမား သုံးဦး စသည်တို့ကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
‘‘ဒိုင်လူကြီးကို ထိုးတဲ့ စစ်ကိုင်းဘောလုံးအသင်းက နည်းပြ နှစ်ဦးနဲ့ ကစားသမားရှစ်ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ် လိုက်တာပါ’’ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။
မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းတွင် မန္တလေး တိုင်းဝန်းကြီးချုပ်ဖလားဘောလုံး ပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်တွင် မကွေးတိုင်း အသင်းက ပင်နယ်တီရသွားခဲ့သည်။ ပင်နယ်တီပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်းဘောလုံးနည်းပြက ၎င်း၏ ကစားသမားများအား ကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့် ပွဲရပ်နားထားရသည်။
ပြိုင်ပွဲတာဝန်ရှိသူများက ပွဲ ဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ၀န်းကျင်အချိန်တွင် စစ်ကိုင်းတိုင်းအသင်းဘက်သို့ မကွေးတိုင်းအသင်း ပြစ်ဒဏ်ဘောရရှိရာမှ စစ်ကိုင်းတိုင်းနည်းပြက ကွင်းလယ်ဒိုင်လူကြီးအား စတင်ထိုးကြိတ်၍ အသင်း၏ အရန်ကစားသမားများအားလုံးကပါ ၀ိုင်းဝန်း ထိုးကြိတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ