ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Deutsche Bank နှင့် German Asia Pacific Business Organization (OAV) ဥက္ကဋ္ဌနှင့် အဖွဲ့သည် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ရှိ Deutsche Bank ရုံး ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ပြည်သူ့ဆန္ဒနှစ်ရပ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေမှု အခြေအနေနှင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဂျာမနီလုပ်ငန်းရှင်များက ပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ စားသောက်ကုန် ထုတ်လုပ်ရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍ၊ ခရီးသွား လုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ သစ်တောထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် အသက်မွေးပညာ လေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ဂျာမန်လုပ်ငန်းရှင်များက ငွေကြေးကဏ္ဍ၊ ဟိုတယ်လုပ်ငန်း၊ လေကြောင်း ဆက်သွယ်ရေးကဏ္ဍ၊ ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးတို့နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား Deutsche Bank နှင့် German Asia Pacific Business Organization(OAV) ဥက္ကဋ္ဌက နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
သမ္မတရုံး
No comments:
Post a Comment