Friday, January 23, 2015

သမ္မတ ကမ်းလှမ်းတဲ့ ပြည်ထောင်စုနေ့ တနိုင်ငံလုံး အပစ်ရပ်ရေး မသေချာ

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန် ကမ်လှမ်း ထားချက်က မဖြစ်နိုင်တော့ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ အပြီးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြော ဆိုလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အကြိုဆွေးနွေးပွဲ အဖြစ် ဇန်န၀ါရီ ၂၀ ရက်က တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်း အပြီးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
NCCT ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က“NCCT တခုလုံး အနေနဲ့ ပြောမယ်ဆိုရင် အခု ဇန်နဝါရီ ကုန်ခါနီးမှာတောင်မှ အစည်းအဝေး တွေ မဖြစ်နိုင်တာ။ ဖေဖော်ဝါရီ ၁၂ ရက် ဆိုတာ မမီနိုင်ပါဘူး။ ကျနော်တို့ လူထုကို လိမ်လို့ မရပါဘူး။ မျှော်လင့်ချက် ပေးလို့ မရပါဘူး။ ၁၂ ရက်နေ့ လက်မှတ်ထိုးဖို့ ဆိုတာ အခု အခြေအနေ အတိုင်းဆိုရင် မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ အကြား ညှိနှိုင်းဖို့ကျန်နေတဲ့ အချက်တွေကို အရင် ဖြေရှင်းရမယ့် “၇”  ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ဖို့ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် ပြည်ထောင်စုနေ့ မှာ ပြုလုပ်လိုတဲ့ အစီအစဉ်ဟာ မဖြစ်နိုင်တော့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီအတိုင်း ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ “၇” ကြိမ် မြောက် အစည်းအဝေးတွေ မကျင်းပနိုင်ဘဲနဲ့တော့ နောက်တဆင့်ကို သွား ဖို့ မလွယ်သေးပါဘူး”လို့ ဗိုလ်ချုပ် ဂွန်မော်က ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
အစိုးရနဲ့ NCCT တို့ အကြား ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ လမ်းပြမြေပုံ အပါအဝင် ညှိနှိုင်းရ ခက်ခဲနေတဲ့ အချက်တချို့ ဆွေးနွေးဖို့ ကျန် ရှိနေတဲ့အပြင် “၇” ကြိမ်မြောက် ဆွေးနွေးပွဲကို ဘယ်လို ပုံစံသွားမလဲ၊ ဘယ်နေ့ ဆွေးနွေးမလဲ ဆိုတာတွေကို မသတ်မှတ်နိုင်သေး တဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေမှု ရပ်တန့်ဖို့၊ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခတ်ခံရမှုစတဲ့ အချက်တွေလည်း အစပိုင်း ဆွေးနွေးရမယ့် အချက်တွေမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက်က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ “၆၈” နှစ်မြောက် ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲ မယ် ဆိုရင် အင်မတန် သင့်လျော်ကြောင်း ပြောဆိုကမ်းလှမ်းခဲ့ပါတယ်။
ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က သမ္မတ ဦးသိန်းစိန်ထံ စတင် အကြံပြုခဲ့တာ ဖြစ်ကြောင်း MPC ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောဆိုပါတယ်။
“အလုပ်အဖွဲ့ဖြစ်တဲ့ အတွက် အခုအချိန်ထိတော့ ဖေဖော်ဝါရီ ၁၂ ရက် ဆိုတာကိုတော့ Target (ပစ်မှတ်) ထားတာကိုတော့ ပြောင်း တာ မရှိသေးဘူး။ ဒါပေမယ့် ညှိနှိုင်းစရာ အချက်တွေ ရှိတယ်လို့တော့ ပြောလို့ရတယ်”လို့ ဦးလှမောင်ရွှေက ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
NCCT နဲ့ MPC တို့ ဆွေးနွေးပွဲ အပြီး လာမယ့် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ အကြား အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး အခြေအနေ ရှိမရှိကိုတော့ MPC ဘက်က ရေရေရာရာ ထုတ်ဖော် ပြောဆိုသွားတာ မရှိပါဘူး။
NCCT ခေါင်းဆောင်တွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာတဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား ရှုပ်ထွေးလာနိုင်တဲ့ အချက်တွေကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်လို့ ထောက်ပြပြောဆို သွားပါတယ်။
ဧရာဝတီ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ