Wednesday, January 7, 2015

ကားမူဝါဒသစ်ကြောင့် အလုပ်ဖြစ်နေသူများ



 ရန်ကုန်၏ မြို့စွန်မြို့နယ်အချို့တွင် ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ပြီး ၁၀ ပေမှ ပေ ၂၀ မြေအကျယ်နေရာများကိုပိုင်း၍ ငှားရမ်းသည့် ၀န်ဆောင်မှုအသစ်တစ်ခု ပေါ်ထွက်လာသည်။
စီးပွားရေးမြို့တော်၏ မြေဈေးကြီးမှုများအကြား ယခုကဲ့သို့ မြေကိုပိုင်း၍ ငှားရမ်းနေခြင်းမှာ နေအိမ်တိုက်တာဆောက်ရန် မဟုတ်ပါ။ ကားပါကင်မြေနေရာအတွက် ငှားရမ်းနေကြခြင်းသာ ဖြစ်သည်။
မြေကိုပိုင်း၍ ငှားရမ်းသည့် ၀န်ဆောင်မှုကို ယခုရက်အနည်းငယ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များက ၀န်ဆောင်မှုအသစ်တစ်ခုအဖြစ် လုပ်ကိုင်ပေးနေခြင်း ဖြစ်သည်။
ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှစတင်ပြီး ကားတင်သွင်းခွင့်မူဝါဒကို ဖြေလျှော့ပေးလိုက်ပြီးနောက် ပြည်တွင်းသို့ ကားအစီးရေလေးသိန်းခန့် တင်သွင်းခဲ့သည်။
ထို့နောက် ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှုဆိုးဝါးလာသော အကြောင်းပြချက်ဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကားပါကင်ရှိမှသာ ကားတင်သွင်းခွင့်ရမည်ဆိုသော မူဝါဒသစ်ကို ကျင့်သုံးခဲ့သည်။ ကားလောကတွင် ထိုမူဝါဒအပေါ် ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင်ဖြစ်ပေါ်နေသည်။
ယခင်က အထပ်မြင့် အဆောက်အအုံများတည်ဆောက်ရာတွင် အများစုမှာ ကားပါကင်နေရာကို ထည့်သွင်းတည်ဆောက်မှု လွန်စွာနည်းပါးခဲ့သဖြင့် ယခုပြောင်းလဲလိုက်သည့် ကားတင်သွင်းခွင့်မူဝါဒသစ်သည် မဖြစ်နိုင်သော မူဝါဒသာဖြစ်ကြောင်း တင်သွင်းသူလုပ်ငန်းရှင်များကဆိုသည်။
ရန်ကုန်တွင် အထပ်မြင့်ကန်ထရိုက်တိုက်များစွာ တည်ဆောက်ပြီး အများစုမှာ ကားပါကင် ပါဝင်ခြင်းမရှိသည့် တိုက်များသာဖြစ်သောကြောင့် မဖြစ်နိုင်သည့် ကိစ္စတစ်ခုကို အစိုးရက အတင်းအကျပ်ဆောင်ရွက်ခိုင်းခြင်းသာဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ပြောသည်။
ကစားကွင်းပန်းခြံများ ပျောက်ဆုံးသွားမှု မြေနေရာကျယ်များမရှိတော့သည့် ရန်ကုန်တွင် ကားပါကင်ထောက်ခံချက်ဆိုသည်မှာ များစွာမှားယွင်းသည့်မူဝါဒတစ်ခုဟု ၎င်းကပြောသည်။
နိုင်ငံတကာတွင်လည်း ကားတင်သွင်းရာ၌ ယခုကဲ့သို့ ကားပါကင်ထောက်ခံချက်ဆိုသည်မှာမရှိဘဲ တစ်ဦးချင်းစီတွင် သတ်မှတ်ထားသည့် ကားအစီးရေအလိုက် ပိုမိုတင်သွင်းပါက အခွန်ကောက်ခံခြင်းသာ လုပ်ဆောင်သည်ဟု ဦးဝင်းမြင့်က သူ၏အတွေ့အကြုံကို ပြောသည်။
ယင်း၏ အကျိုးဆက်က ရန်ကုန်တွင် ကားဝယ်ယူရန် လွန်စွာခက်ခဲသွားနိုင်ပြီး အစိုးရဌာနအဖွဲ့အစည်းများအကြား ကားပါကင် ထောက်ခံချက်အတွက် အဂတိလိုက်စားရန် ပိုမိုတွန်းအားပေးသည့် အချက်တစ်ခုသာဖြစ်နိုင်ကြောင်း မော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောသည်။
ထောက်ခံချက်ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွင် ယူရမည်ဖြစ်ပြီး စည်ပင်နှင့် အခြားသက်ဆိုင်သည့် ဌာနများက ထောက်ခံချက် မှန်၊ မမှန် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
မြေနေရာအမှန်တကယ် ရှိ၊ မရှိ ထောက်ခံချက်မှန်ကန်မှု ရှိ၊ မရှိကို လိုအပ်ပါက ကွင်းဆင်းစစ်ဆေးမှုများပင် ပြုလုပ်သွားမည်ဟု အထက်ပါအရာရှိက ပြောသည်။
 လက်ရှိတွင် ကားပါကင်ထောက်ခံချက် ထုတ်ပေးရာ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူး၊ လ၀က၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို စုစည်းပြီး မြို့နယ်စိစစ်ရေးအဖွဲ့များဖွဲ့စည်းထားကြောင်း ၎င်းကဆိုသည်။
‘‘ဒီအဖွဲ့တွေရဲ့ ထောက်ခံချက်တွေအားလုံးစုံမှ ခရိုင်၊ တိုင်း အဆင့်ဆင့်ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ကြားထဲမှာ အဂတိလိုက်စားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး’’ဟု အထက်ပါအရာရှိကဆိုသည်။
လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြေနေရာတွင် ငှားရမ်းထားသည့် ကားပါကင်မြေနေရာများမှာလည်း ၂၀၁၄ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ပြည့်လုနီးပါးဖြစ်ပေါ်နေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရန်ကုန်တွင် အထပ်မြင့်ကားပါကင်များ တည်ဆောက်ရန် တင်ဒါခေါ်ယူမှုများလည်း ပြုလုပ်နေပြီဖြစ်သည်။
‘‘ကားပါကင်ရှိမှ ကားသွင်းခွင့်ရမယ်ပြောတယ်။ ပြီးတော့ ကားပါကင်တွေဆောက်ဖို့ အစိုးရအဖွဲ့က တင်ဒါခေါ်တယ်။ ၀န်ကြီးဌာနအချင်းချင်း လက်ဝါးချင်းတွေ ရိုက်ထားသလို ဖြစ်နေတယ်’’ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ်ဦးက ဝေဖန်သည်။

ကားပါကင်ထောက်ခံချက်အတွက် ရပ်ကွက်၊ မြို့နယ်၊ ခရိုင် စည်ပင်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားကူးသန်းတို့၏ ထောက်ခံချက်များပါဝင်မှသာ ပါမစ်လျှောက်ခွင့်ရမည်ဆိုခြင်းကြောင့် ကားတစ်စီးအတွက် အချိန်များစွာပေးကာ တင်သွင်းခွင့်အတွက် လျှောက်ရမည့် အနေအထားဖြစ်ကြောင်း အထက်ပါအရောင်းပြခန်းပိုင်ရှင်ကဆိုသည်။ ‘‘ကားပါကင်ဂယက်က ရန်ကုန်ကားတွေ ငါးသိန်းကနေ ၁၀ သိန်းအထိ ဈေးတွေတက်နေပြီ။ လူတွေကားဝယ်စီးဖို့ အရင်လိုမလွယ်တော့ဘူး’’ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးကျော်စွာစိုးက ပြောသည်။
  ရန်ကုန်အမည်ပေါက်ကားများနှင့် နယ်အမည်ပေါက်ကားများမှာ တစ်စီးလျှင် ပျမ်းမျှ ၁၀ သိန်းကျော်အထိ ဈေးကွာသွားနိုင်ကြောင်း မော်တော်ယာဉ်များအကြောင်း ဆောင်းပါးများရေးသားနေသူ ကိုအရည်ကျိုကဆိုသည်။
လက်ရှိကားပါကင်နေရာအတွက် ပြရုံသက်သက်အတွက်ပင် ငှားရမ်းခအဖြစ် ဒဂုံမြို့သစ်၊ တောင်ဒဂုံအစရှိသော မြို့နယ်များတွင် ၁၀ ပေမြေတစ်ပိုင်းကို ကျပ်ငါးသောင်းမှ ခြောက်သောင်းအထိ ဈေးပေါက်သည်။ ၁၀ ပေ ကျော်ပါက တစ်သိန်းကျော်ပေါက်ဈေးရှိကြောင်း စိုင်းငွေမင်းအိမ်ခြံမြေအကျိုးဆောင်က ပြောပြသည်။
‘‘ဒီရက်ပိုင်းတောင်ဒဂုံဘက်က ခြံကျယ်တွေမှာ ကားပါကင်အတွက် တော်တော်လေး အငှားလိုက်တယ်’’ဟု အထက်ပါအကျိုးဆောင်ကဆိုသည်။

ရန်ကုန်၏ ယာဉ်ကြောကျပ်တည်းမှုကို အကြောင်းပြ၍ ကားတင်သွင်းခွင့်မူဝါဒကို ၂၀၁၅ ခုနှစ်တွင် ပြောင်းလဲလိုက်ပြီဖြစ်သောကြောင့် ၀င်ငွေအလယ်အလတ်ရှိသူများ၊ ကားဝယ်စီးလိုသူများအတွက် ကားပါကင်ထောက်ခံချက်က ရန်ကုန်တွင် အဟန့်အတားတစ်ခုဖြစ်လာခဲ့သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ