ယခုနှစ်တွင် ကျင်းပမည့် အကြိမ် (၇၀) မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်တော့မည် မဟုတ်ကြောင်း မြန်မာ့တပ်မတော် တာဝန်ရှိသူများက ပြောသည်။
‘‘နှစ်တိုင်းစစ်ရေးပြအခမ်းအနားမှာတော့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ပါပါတယ်။ ဒီနှစ်တော့ ကြက်ခြေနီတွေမပါတော့ဘူးလို့ စာထွက်လာတယ်။ ဒီတော့ မြို့နယ်တွေကိုလည်း ဒီနှစ် စစ်ကြောင်း ချီတက်ပွဲ မပါတော့ဘူးလို့ အကြောင်းကြားထားပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တိုင်းဦးစီး ဒုတိယတန်း (စီမံ)မှ ဦးရဲလွင်က ဆိုသည်။
တပ်မတော်နေ့ စစ်ရေးပြပွဲ အတွက် မြို့နယ်တစ်ခုမှ ကိုယ်စားလှယ်တစ်ဦးစီပေးရပြီး ရန်ကုန်တိုင်းဒေသကြီးမှ နှစ်စဉ် ၅၀ ဦး ပါဝင်ကာ ၎င်းတို့အတွက် အသုံးစရိတ်များကိုလည်း သက်ဆိုင်ရာ မြို့နယ်များက ကုန်ကျစရိတ်ပေးခံရကြောင်း ကြက်ခြေနီအဖွဲ့မှ ဒုတပ်ရင်းမှူးတစ်ဦးက ဆိုသည်။
‘‘မြို့နယ်တစ်ခုနဲ့ တစ်ခုတော့ ပေးရတဲ့ ငွေမတူဘူး။ တတ်နိုင်တဲ့ မြို့နယ်တွေဆိုရင်တော့ ကလေးတွေ ပိုရတာပေါ့။ မြို့နယ် တစ်ခုကို တစ်ယောက်တော့ ပေးရတယ်။ မပေးနိုင်ရင်တော့ တခြား မြို့နယ်က ငှားရတာပေါ့။ အနည်းဆုံးတော့ တစ်သိန်းလောက်ပေးရတယ်။ ဒီနှစ်မပါတော့ဘူးဆိုတော့ ကောင်းတာပေါ့’’ဟု ၎င်းက ပြောသည်။
‘‘အဲဒီပွဲတွေမှာကတော့ အရပ်ပြည့်တဲ့သူတွေကို ရွေးပြီး လွှတ်တယ်။ တချို့လည်း နေပြည်တော်ကနေ ပြန်ရောက်လာတာတွေရှိ ပါတယ်။ အရပ်အမောင်းအဓိက ပါပဲ။ သက်ဆိုင်ရာမြို့နယ်တွေက သူတို့ကိုထောက်ပံ့ပေးရတာပေါ့။ အရန် မီးသတ်ရော၊ သန္ဓေမီးသတ်တွေပါပါတယ်’’ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၁၉၄၅ မတ်လ ၂၇ ရက် တွင် ဖက်ဆစ်ဂျပန်ကို တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထု ပူးပေါင်းတိုက်ထုတ်သည့် အဆိုပါနေ့ကို တော်လှန်ရေးနေ့ မှ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ပြီးနောက် မြန်မာ နိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မပါဝင်တော့ဘဲ ၎င်းတို့နေရာတွင် စစ်သမီးတပ်ဖွဲ့နှင့် ရဲမေတပ်ဖွဲ့တို့ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day
No comments:
Post a Comment