ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသော
သတင်းတပ်ဖွဲ့(SB)နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)တို့ကို
သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့နာမည်နှင့် ယူနီဖောင်းများပါ
ပြောင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးလက်အောက်တွင် Office of Security andInformationဌာန ဖွင့်လှစ်ပြီးနောက် လက်ရှိပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့(SB)နှင့် စသုံးလုံးတပ်ဖွဲ့ဝင်များကို မကြာမီ ပြောင်းလဲဖွဲ့စည်းမည်ဟု သတင်းရရှိသည်။
‘‘ဒီဘတ်ဂျက်မတိုင်ခင်ဖြစ်မယ်လို့တော့ကြားတယ်။ ယူနီဖောင်းရော အခေါ်အဝေါ်ပါ ပြောင်းသွားမယ်’’ဟု ရန်ကုန်မြို့ အခြေစိုက် သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။
‘‘ထူးဆန်းတာက စရဖ မပါဘူး။ NIBကို ပြန်ဖွဲ့မယ်ပြောပြီး အဲဒါမလုပ်ဘဲနဲ့ ဒီလိုလုပ်တာထူးခြားတယ်။ သမ္မတရုံးနဲ့ စစ်တပ်သတင်း မဖလှယ်ချင်တဲ့သဘော ရောက်နေတယ်’’ဟု ABSDFဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က သုံးသပ်သည်။
လက်ရှိပြည်ထဲရေးဝန်ကြီး လက်အောက်တွင် အလုပ်လုပနေရသော သတင်းတပ်ဖွဲ့(SB) နှင့် စသုံးလုံးအဖွဲ့များသည် လုံခြုံ ရေးကိစ္စအပြင် တရားစွဲခြင်း၊ ဖမ်းဆီးခြင်းလုပ်ငန်းများပါ လုပ်ကိုင်ရသဖြင့် လုပ်ရကိုင်ရအဆင်မပြေကြောင်း သတင်းတပ်ဖွဲ့မှ အရာရှိ တစ်ဦးကဆိုသည်။
‘‘အခုလည်း အဆင်ပြေကြတာမှ မဟုတ်တာ။ လစာနဲ့ Facility ပိုင်းပေါ် မူတည်တာပဲ။ လုံ ခြုံရေးကိစ္စပဲလုပ်ရရင် ပိုအဆင်ပြေတယ်’’ဟု ရန်ကုန်အခြေစိုက် SBတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
တပ်မတော်အစိုးရလက်ထက်တွင် လုံခြုံရေးလုပ်ငန်းများအား တပ်မတော်ထောက်လှမ်းရေးအဖွဲ့က အဓိကလုပ်ကိုင်ပြီး တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းပြီးနောက် သတင်းတပ်ဖွဲ့က ဆောင်ရွက်လာသည်။ စသုံးလုံးအဖွဲ့အနေဖြင့် စီးပွားရေးနှင့် ပတ်သက်သောအမှုမျာကိုသာ ကိုင်တွယ်ရသည်။
7Day

No comments:
Post a Comment