မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို နိုင်ငံရေးခေါင်းဆောင်များနှင့်
ဘာသာရေးခေါင်းဆောင်များအနေဖြင့် ရှုတ်ချကြရန် အီရန် နိုင်ငံသို့ ရောက်ရှိနေသည့်
သီတဂူ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားသည်။
အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများ ရင်ဆိုင်နေရသည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်း ဖိုရမ်ကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် သုံးရက်ကြာကျင်းပခဲ့သည်။
ရက်စက်သည့် အကြမ်းဖက်မှုများကို ခြွင်းချက်မရှိ ရှုတ်ချပြီး ငြိမ်းချမ်းရေးသဟဇာတဖြစ်ရန် မိမိကိုယ်ကျိုးစွန့်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုတို့ လိုအပ်ကြောင်း သီတဂူ ဆရာတော်ကြီးက မိန့်ကြားသည်။
မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဘာသာရေးခေါင်းဆောင်များနှင့် အီရန်မွတ်စလင်ပညာရှင်များက ဘာသာရေးအယူအဆများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အီရန်နိုင်ငံသို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် အီရန်နိုင်ငံ၏ ရှေးဟောင်းမြို့တစ် မြို့ဖြစ်သည့် Qom ၏ ဗုဒ္ဓစာပေများ သင်ကြားပေးရာ ဘာသာရေးတက္ကသိုလ်တစ်ခုသို့ သွားရောက် လေ့လာခဲ့သည်။ ဆရာတော်ကြီးသည် ထိုတက္ကသိုလ် ရောက်ခိုက် ကျောင်းဆရာများနှင့် ကျောင်းသားများကို ယနေ့ခေတ်သစ် လူ့ဘောင်အဖွဲ့အစည်းတွင် ဘာသာရေးသည် အလွန်အရေးပါအရာရောက်ကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် အီရန်နိုင်ငံ၏ ဘာသာရေးတက္ကသိုလ် ပါမောက္ခများက ဆရာတော်ကြီးကို မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အနှစ်ချုပ်မိန့်ကြားရန် လျှောက်ထားခဲ့ကြသည်။
ထိုတက္ကသိုလ်၏ ဌာနမှူး များ၊ ပါမောက္ခများနှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော်ကြီးတို့သည် တက္ကသိုလ်နှစ်ခု၏ ဆရာ၊ ကျောင်းသားများ အပြန်အလှန် လဲလှယ်အစီအစဉ်ကို ဆွေးနွေးကြသည်။ ပါဠိစာပေ ပါမောက္ခများကို အီရန် Ph.D ပါရဂူကျောင်းသားများအား သင်တန်းပေးရေး စေလွှတ်ပေးရန်လည်း လျှောက်ထားကြသည်။
အီရန်ပါမောက္ခဆရာကြီး၏ ပါရှားဘာသာဖြင့် ပြန်ဆိုထားသော ဗုဒ္ဓစာပေစာအုပ်များဖြစ်သည့် ဣတိဝုတ်ကျမ်းစာနှင့် နောက်ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရားအကြောင်း စာအုပ်တို့ကို သီတဂူ ဆရာတော်ကြီးအား လက်ဆောင်ပေးခဲ့သည်။
၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်ထိ အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပခဲ့သည့် Inter-Religious Dialogue ဘာသာရေးဆိုင်ရာ အပြန်အလှန်နှီးနှောဖလှယ်ပွဲတွင်အီရန်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ ဗုဒ္ဓဘာသာခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့သည်။
7Day

No comments:
Post a Comment