Wednesday, January 28, 2015

စစ်အကျဉ်းထောင်မှ အစောင့်တပ်ကြပ်ကြီးကိုသတ်၍ ထွက်ပြေးသူ အကျဉ်းသားရှစ်ဦးအနက် နှစ်ဦးအား ရွှေဘိုမြို့၌ ဖမ်းမိ

ဇန်နဝါရီ ၂၅ ရက်က မန္တလေးနန်းတွင်းရှိ စစ်အကျဉ်းထောင်မှ အစောင့်တပ်ကြပ်ကြီးကိုသတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သော အကျဉ်းသားရှစ်ဦးအနက် နှစ်ဦးအား ဇန်နဝါ ရီ ၂၈ ရက် နံနက် ၁ဝ နာရီတွင် ရွှေဘိုမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့နှစ်ဦးအား ရွှေဘိုမြို့အနောက်ဘက် မင်းကုန်းကျေးရွာအနီး ဘုရားကျောင်းဝင်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး အသေးစိတ် သတင်းထုတ်ပြန်မှု မပြုလုပ်ဟု ၎င်းကဆိုသည်။
“ရဲတပ်ဖွဲ့မှာ သတင်းပေးတွေရှိတော့ ဖမ်းဆီးမှုမှာ ပူးပေါင်းပါဝင်ခဲ့တာမျိုးပဲ။ ဖမ်းဆီးရမိပြီးတဲ့နောက်မှာ အမှတ် (၄၂) တပ်ရင်းကို ခေါ်သွားတယ်လို့ သိရတယ်” ဟု ရွှေဘိုမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ဇန်န ဝါရီ ၂၈ ရက် ည ၈ နာရီခွဲခန့်တွင် ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ အမှတ် (၄၂) တပ်ရင်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့တပ်၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း မရှိကြောင်း ဒုတပ်ရင်းမှူးက ပြန်လည်ဖြေကြားခဲ့ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အတိအကျ မသိဟု ၎င်းကဆိုသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သော အကျဉ်းသားရှစ်ဦးကို ဖမ်းဆီးရမိရန် ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းအချို့တွင် ဇန်နဝါရီ ၂၇ ရက် ညပိုင်းက တပ်မတော်မှ စစ်ကားများဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ် အကျဉ်းထောင်မှ တပ်သားအဆင့်ရှိ အကျဉ်းသားရှစ်ဦးက အစောင့်တပ်ကြပ်ကြီးကို သတ်ဖြတ်ကာ ထွက်ပြေးလွတ်မြောက်မှု ဇန်နဝါရီ ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် အကျဉ်းထောင်ဖောက်၍ ကျုံးရေပြင်ကိုဖြတ်ကူးကာ နန်းမြို့ရိုးမြောက်ဘက် ၇၈ လမ်းအတိုင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
eleven media

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ