Monday, January 26, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လပိုင်းအတွင်း အသက် (၆၀) ပြည့်မည်

 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ ပထမ ခြောက်လအတွင်း အသက် (၆၀) ပြည့်မည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံ့ဝန်ထမ်း ဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အသက် (၆၀)ပြည့်ပါက ပင်စင်ယူရမည် ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့ အင်တာဗျူးတွင် ‘‘ကျွန်တော်တို့ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် (၆၀)ပြည့်ရင် အငြိမ်းစားယူပါတယ်။ အဲဒီတော့ ကျွန်တော် အသက် (၆၀)မပြည့်ခင် ဒီကိစ္စတွေ ပြီးမယ်၊ မပြီးဘူးဆိုတာတော့ အခြေအနေအများကြီးအပေါ် မူတည်နေတယ်။ ကျွန်တော်ပင်စင် မယူခင် Cease Fire လက်မှတ်မထိုးရသေးလို့ ကျွန်တော်ပင်စင်မယူဘူးလို့ သွားလုပ်လို့မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းပဲ သွားရမယ်’’ဟု ဖြေကြားခဲ့သည်။
တပ်မတော်၏ လုပ်ထုံးလုပ်နည်းများအရ အငြိမ်းစားယူမည် ဆိုပါက တစ်နှစ်ကြိုတင် အသိပေးရပြီး အငြိမ်းစားမယူမီ ခြောက်လအတွင်း လုပ်ငန်းတာဝန်များလွှဲပြောင်းခြင်းနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ရသည်။
သို့သော် တပ်မတော်အရန်အင်အားဥပဒေအရ တစ်နှစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့မှာ အသက် (၆၀) ပြည့်သွားပြီဖြစ်သော်လည်း  တပ်မတော် အရန်အင်အားဥပဒေအရ ဆက်လက်တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်ဝင်းအား ၂၀၁၃ တွင် အသက် (၆၀) ပြည့်သဖြင့် တပ်မတော်မှ ပင်စင်ပေးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၁၉)ဆင်း ထားဝယ်ဇာတိဖြစ်ပြီး ဇနီးမှာ ရခိုင်တိုင်းရင်းသူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အငြိမ်းစားယူသွားပါက ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်မည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ