Monday, January 5, 2015

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၏ လစဉ် ချီးမြှင့်ထောက်ပံ့ငွေများမှ ၂၅ ရာခိုင်နှုန်း စုဆောင်း၍ အသက် (၁၀၀) နှင့်အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်


နေပြည်တော် ဇန်နဝါရီ ၎
ပြောင်းလဲလာသည့်ခေတ်သစ်စနစ်သစ်နှင့်အညီ ၂၀၁၂ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေး ညီလာခံတွင် နိုင်ငံတော်သမ္မတက အားလုံးပါဝင်သည့် လူမှု ကာကွယ်စောင့်ရှောက်ရေး စနစ်တစ်ရပ်ပေါ်ထွက်လာစေရန် လမ်းညွှန်မှုပြုခဲ့သည်။

ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် နေပြည်တော် သဘောတူညီချက်အရ ထွက်ပေါ်လာသည့် လုပ်ငန်းအဖွဲ့များအနက် လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းအဖွဲ့ ပါဝင်ခဲ့ပြီး လုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှစ၍ ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများ၊ INGO၊ NGO များ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

နည်းပညာအထောက်အကူအဖွဲ့၏ ပံ့ပိုးကူညီမှုများနှင့် ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို မိတ်ဆက် ဖြန့်ချိခဲ့ပြီး စီမံချက်တွင် လုပ်ငန်းစဉ် (၈) ရပ် ပါဝင်သည်။ လုပ်ငန်းစဉ်များ အနေဖြင့် (၁) ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ခြင်း၊ (၂) မသန်စွမ်းသူများအား ထောက်ပံ့ပေးခြင်း၊ (၃) အသက်သုံးနှစ်မှ (၁၅) နှစ် အထိ ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ (၄) သက်ကြီးရွယ်အိုများ အတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း၊ (၅) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း၊ (၆) အများ ပြည်သူ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပေးခြင်း၊ (၇) သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ ကူညီခြင်းနှင့် (၈) ဘက်စုံ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ ဖြစ်သည်။

အဓိက လုပ်ငန်းစဉ် (၈) ရပ်တွင် သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ပါဝင်သည်။ ထို့ပြင် လူမှု ကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်တွင် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင် ပေးအပ်ခြင်းတို့ ပါဝင်ပြီး အဆိုပါ အချက်များနှင့်အညီ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ၂၀၁၅ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲ အထိမ်းအမှတ် အနေဖြင့် တစ်နိုင်ငံလုံးတွင် ရှိသည့် အသက် (၁၀၀) နှင့်အထက် အဘိုး ၁၆၉ ဦး၊ အဘွား ၄၀၀ တို့ကို နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၏ လစဉ် ချီးမြှင့် ထောက်ပံ့ငွေများမှ ၂၅ ရာခိုင်နှုန်း စုဆောင်းထားရှိသော ရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ပြုလွှာများနှင့် အထောက်အပံ့များကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ တစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည့် ၂၀၁၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားခဲ့ရာတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် နေထိုင်ကြသော အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီး အဘိုးအဘွားများ ဖြစ်သည့် အဘိုး ၁၆၉ ဦး၊ အဘွား ၄၀၀ စုစုပေါင်း ၅၆၉ ဦးတို့ကို ယနေ့မှ စ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ သမ္မတတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ရရှိသည့် လစဉ် ချီးမြှင့် ထောက်ပံ့ငွေ၏ ၂၅ ရာခိုင်နှုန်း စုဆောင်းထားရှိသော ရန်ပုံငွေထဲမှ အထောက်အပံ့အဖြစ် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်းဖြင့် ထည့်သွင်း ပြောကြားသည်။

နောင်နှစ်များတွင်လည်း အဘိုးအဘွားများ အသက် (၁၀၀) ပြည့်မြောက်လျှင် အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များမှ တစ်ဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့ သတင်းပေးပို့ အကြောင်းကြားပါက နိုင်ငံတော်သမ္မတ အနေဖြင့် ဆက်လက် ပံ့ပိုး ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သမ္မတရုံး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ