ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်တွင် ၂၀၁၄ တစ်နှစ်လုံး၏အရောင်းရဆုံး မိုဘိုင်းဖုန်းအမှတ်တံဆိပ် အဖြစ် Huawei က ဆက်လက် ရပ်တည်နေကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း လုပ်ငန်းမှစုံစမ်း သိရသည်။
တရုတ်နိုင်ငံထုတ် အဆိုပါ အမှတ်တံဆိပ်မိုဘိုင်းဖုန်းများသည် ပြည်တွင်းဈေးကွက်အတွင်း၌ ယခုအချိန်ထိ ကာလကြာမြင့်စွာ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အရောင်းရဆုံးအမှတ်တံဆိပ်အဖြစ် ဆက်လက် ရည်တည်နိုင်သည့် အဓိက အကြောင်းရင်းမှာ မည်သူမဆို တတ်နိုင်သည့် အမျိုးမျိုးသော ဈေးနှုန်းများရှိခြင်းနှင့် အခြေခံလူတန်းစားများ အတွက် အဆင်ပြေသည့် အမျိုးအစား များစွာရှိနေခြင်းတို့ကြောင့်ဟု အထက်ပါမိုဘိုင်းဖုန်းလုပ်ငန်းမှ ဈေးကွက် ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားသည်။
“Huawei ရဲ့ဈေးနှုန်းတွေက အခြေခံလူတန်းစာတွေတတ်နိုင် တဲ့အနေအထားကနေစပြီးတော့ ဈေးကွက်ထဲမှာရှိတဲ့အတွက် လူတန်းစားမရွေးအတွက် ရှိနေတဲ့သဘောပါ။ အများဆုံး ဝယ်ယူသူ တွေကတော့ အခြေခံလူတန်းစားနဲ့ ဝင်ငွေလခအသင့်အတင့်ရှိကြတဲ့ ဝန်ထမ်းတွေများတယ်”ဟုလူကြီးမင်း မိုဘိုင်းဖုန်းလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂၀၁၄ တစ်နှစ်လုံးတွင် ရောင်းအားအကောင်းဆုံး မိုဘိုင်းအမှတ် တံဆိပ်အဖြစ် Huawei ဆက်လက် ရပ်တည်နေနိုင် သကဲ့သို့ တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် Samsung အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ၏ ဝယ်လိုအားသည်လည်း ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
Android OS ဖြစ်သည့် အဆိုပါ အမှတ်တံဆိပ် နှစ်မျိုးစလုံး၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်းဖုန်း အမျိုးအစားများသည် ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းသည့်အပြင် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကိုလည်း ထည့်သွင်းထားခြင်းကြောင့် Samsung အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များ၏ ဝယ်လိုအားလည်း တက်လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။
“ဈေးကွက်မှာ Samsung ကလည်းလိုက်တက်လာတယ်။ သုံးစွဲသူတွေအတွက်ကတော့ ရွေးချယ်စရာတွေ ပိုများလာတာပေါ့။ ရွေးချယ်စရာ များလာတဲ့အတွက် ဈေးကွက်ယှဉ်ပြိုင်မှု ကလည်း ပိုပြင်းထန်လာတယ်”ဟု Mobile Mother မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
ပြည်တွင်းမိုဘိုင်းဖုန်းသုံးစွဲသူများ အနေဖြင့်လည်း မိုဘိုင်းဖုန်းတစ်လုံး မဝယ်ယူမီအချိန်တွင် ဈေးနှုန်းအမျိုးအစား အမျိုးမျိုးရှိသည့် Huawei အမှတ်တံဆိပ်ကို ဦးစားပေးစဉ်းစားကြပြီး ဒုတိယဦးစား ပေးအနေဖြင့် Samsung အမှတ်တံဆိပ်ကို ဝယ်ယူရန် စဉ်းစားကြကြောင်းသိရသည်။
“ကိုယ့်ရဲ့လခဝင်ငွေနဲ့ဆို Huawei လောက်ကို ကောင်းကောင်းကိုင်နိုင်တယ်။ နောက်ဆုံးထွက် model အသစ်လောက်ဆို ဈေးက အရမ်းမြင့်ပေမယ်လို့ ကိုယ့်ဝင်ငွေနဲ့ချိန်နိုင်တယ်။ အများဆုံး သုံးဖြစ်တာက Huawei ပါပဲ။ Samsung ကိုလည်းသုံးကြည့်ဖူးပါတယ်။ နောက်ဖုန်းတစ်လုံး ပြောင်းရင်တော့ Samsung နဲ့တခြား အမှတ်တံဆိပ်တွေကို ပြောင်းသုံးကြည့်ဖို့ စဉ်းစားထားတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် Android OS မိုဘိုင်းဖုန်းများကို အများဆုံးအသုံးပြုကြပြီး ယင်းတို့အနက် Huawei နှင့် Samsung အမှတ်တံဆိပ်များပြီးလျှင် LG အမှတ်တံဆိပ်သည်လည်း ဈေးကွက်အတွင်း သုံးစွဲသူ တိုးတက် လာနေကြောင်း စုံစမ်း သိရသည်။ လက်ရှိ မိုဘိုင်းထုတ်ကုန်များတွင် ဈေးနှုန်းအမြင့်ဆုံးနှင့် စွမ်းဆောင်ရည်ပိုမိုသာလွန်သည့် Apple အမှတ်တံဆိပ်၏ iOS ထုတ်ကုန် မိုဘိုင်းဖုန်းကို အသုံးပြုသူ အရေအတွက်လည်း တိုးတက်လာနေပြီး နောက်ဆုံးထွက်ရှိထားသည့် iPhone 6 နှင့် iPhone 6 Plus အမျိုးအစားများ၏ ဝယ်လိုအားများလည်း ကောင်းမွန်နေကြောင်း အထက်ပါဈေးကွက်မှ သိရသည်။
အင်တာနက်ဂျာနယ်
No comments:
Post a Comment