ပျက်ကျခဲ့သည့် အဲအေးရှား လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box
ကို ပြန်လည် ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက
ပြောကြားခဲ့သည်။
ဒီဇင်ဘာ (၂၈)ရက်က ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပျံထံမှ Black Boxကို အင်ဒိုနီးရှား ရေငုပ်သမားများက ရှာဖွေ တွေ့ရှိခဲ့ခြင်းဟု အင်ဒိုနီးရှား ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီ အကြီးအကဲ ဘမ်ဘန်း ဆိုလစ္စယိုက ဆိုသည်။ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို တွေ့ရှိပြီး ဖြစ်သော်လည်း လေယာဉ်မှူး အခန်းထဲမှ အသံများကို အသံသွင်းထားသည့် ကိရိယာကို ဆက်လက် ရှာဖွေနေဆဲဟုလည်း သိရသည်။
Airbus A320-200 အမျိုးအစား လေယာဉ်သည် လူပေါင်း (၁၆၂)ဦး လိုက်ပါသွားပြီး အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရုပ်အလောင်း အတော်များများကို ဆယ်ယူရရှိထားပြီ ဖြစ်သော်လည်း ကျန်အလောင်း အများစုသည် လေယာဉ်ကိုယ်ထည်ထဲတွင် ပိတ်မိနေဆဲဟု ယူဆရသည်။ ကယ်ဆယ်ရေး အဖွဲ့များက လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင် ကျန်ရစ်သူ မရှိနိုင်ဟု ခန့်မှန်းထားသည်။
လေယာဉ်၏ Black Box ကို ဆယ်ယူနိုင်ခြင်းက လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုများအတွက် အထောက်အကူကောင်းများ ရရှိရန် မျှော်လင့်ချက်များ ပိုမို အားကောင်းလာစေသည်။ ဘမ်ဘန်းက “အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု အေဂျင်စီကနေ သတင်းရလာပါတယ်။ Black Boxကို ဆယ်ယူမှု လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ အပြည့်အဝ အောင်မြင်ခဲ့ပါတယ်။ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို ရရှိခဲ့ပြီး ဖြစ်ပေမယ့် လေယာဉ်မှူး အခန်းထဲက အသံသွင်း ကိရိယာကို ဆက်လက် ရှာဖွေနေတုန်းပါပဲ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
Black Boxများကို အများအားဖြင့် လေယာဉ်၏ အမြီးပိုင်းတွင် ထားရှိ နေရာချထားလေ့ရှိပြီး လေယာဉ် ပျက်ကျသည့်တိုင် အပျက်အစီး မရှိအောင် တည်ဆောက်ထားသည်။ ထို့အပြင် ရေအောက်ထဲတွင် နစ်မြုပ်နေသည့်တိုင် မပျက်စီးနိုင်ဘဲ Black Boxနှင့် တွဲဆက်ထားသည့် လှိုင်းလွှင့် ကိရိယာကလည်း ရက်ပေါင်း(၃၀)မျှ ကြာမြင့်သည်အထိ အချက်ပြ လှိုင်းများကို ထုတ်လွှင့်နေနိုင်အောင် စီစဉ်ထားသည်။
_Ref: BBC

No comments:
Post a Comment