နေပြည်တော် ဇန်နဝါရီ ၁
ဗိုလ်ရှုခံအခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံမဏ္ဍပ်ရှေ့ ဥပစာ၌ ပြုလုပ်သည့် ၂၀၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် ဗိုလ်ရှုခံ အခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အခမ်းအနားတွင် နံနက် ၄ နာရီ မိနစ် ၂၀ ၌ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကြရာ တိုင်းရင်းသား၊ တိုင်းရင်းသူလေးများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် အခမ်းအနားတွင် သရုပ်ပြချီတက်ကြမည့် စစ်ကြောင်းများက ဗိုလ်ရှုခံ မဏ္ဍပ်ရှေ့သို့ ချီတက်ဝင်ရောက်လာကြရာ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဇာတိမာန်တက်ကြွဖွယ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ချီတက်အလေးပြုကြမည့် စစ်ကြောင်းများမှ ကြည်း၊ ရေ၊ လေ တပ်မတော် စစ်ကြောင်းများ၊ ဘင်ခရာတပ်ဖွဲ့ဝင် စစ်ကြောင်းများ၊ အမျိုးသား၊ အမျိုးသမီး တပ်မတော် အရာရှိစစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ ကိုယ်စားပြု စစ်ကြောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ကင်းထောက် တပ်ဖွဲ့ဝင် စစ်ကြောင်း၊ တပ်မတော်သံချပ်ကာ၊ အမြောက်နှင့် ယန္တရားစစ်ကြောင်းများက စစ်ကြောင်းများအလိုက် ဝတ်စုံပြည့် ချီတက်အလေးပြု လေ့ကျင့်မှုများကို အစီအစဉ်များ အတိုင်း ပြုလုပ်ကြသည်။
မြေပြင်စစ်ကြောင်းများ စနစ်တကျ ချီတက်လေ့ကျင့်မှုပြုလုပ်နေစဉ် ဗိုလ်ရှုခံ အခမ်းအနား ကျင်းပမည့် ပရဝဏ်၏ ကောင်းကင်ယံထက်တွင် တပ်မတော် (လေ) မှ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များက အုပ်စုဖွဲ့ လေကြောင်းပျံသန်းမှုများဖြင့် ဗိုလ်ရှုခံအခမ်းအနားကို အလေးပြုနိုင်ရန်အတွက် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ကြသည်။
ယနေ့ကျင်းပသည့် ၂၀၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့် ဗိုလ်ရှုခံအခမ်းအနား ဝတ်စုံပြည့်အစမ်း လေ့ကျင့်နေမှုများကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုကြသည်။
နိုင်ငံတော်သမ္မတရုံး
No comments:
Post a Comment