Thursday, January 22, 2015

ဈေးကွက်ပြိုင်ဆိုင်မှုကိုလိုလားကြောင်း Telenor မှပြောကြား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသောဆက်သွယ်ရေး အော်ပရေတာများကို အကြပ်အတည်း မဖြစ်စေရန် ၎င်းတို့၏ ဝန်ဆောင်မှု ဈေးနှုန်းများကို မြှင့်တင်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း Telenor ၏ CEO ဖြစ် Mr. Petter Furberg က ပြိုင်ဆိုင်မှုကိုသာ လိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။


“ခေါ်ဆိုခကို ၂၅ ကျပ်အနေနဲ့ စတင်ခဲ့တယ်။ ဒါဟာ ဈေးကွက်ထဲမှာ အပေါဆုံးပဲ။ မကြောက်ဘူး။ MPT နဲ့ ဘာသဘောတူညီမှုမှလည်း မရှိဘူး။ MPT အနေနဲ့ ဈေးနှုန်းကို ဒီထက်လျှော့ချသွားမယ်ဆိုရင် ပြိုင်ဆိုင်သွားဖို့ ရှိတယ်။ ပြိုင်ဆိုင်မှုကို လိုလားပါတယ်””ဟု Petter က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများအတွက် တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အခြားသော အော်ပရေတာများ အကြပ်အတည်းဖြစ်၍ ပြိုင်ဆိုင်မှုဈေးကွက် ပျက်ပြားသွားမည်ကို စိုးရိမ်သည့်အတွက် သီးခြား အစီအစဉ်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုထားသည်။

အော်ပရေတာများအကြား ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကြီးမားသော သဘောတူညီမှု တစ်စုံတစ်ရာ ရှိသည့်အတွက် ဈေးကွက်ကို ၉၀ ရာခိုင်နှုန်း ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဈေးနှုန်းကို သီးခြားမြှင့်တင်ထားခြင်း ဖြစ်သည်ဟု လေ့လာသူမျာက သုံးသပ်ထားသော်လည်း Mr.Petter Furberg ၏ အဆိုအရ ၎င်းတို့သည် ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆောင်ရွက်နေကြောင်း သိရသည်။

ဈေးကွက်၏ ပြိုင်ဆိုင်မှုအရ မိုဘိုင်းဖုန်းခေါ်ဆိုခကို Ooredoo နှင့် Telenor တို့က တစ်မိနစ်လျှင် ၂၅ ကျပ်သို့ သတ်မှတ်ခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်စနစ်အတွက် 1 MB လျှင် ၁၀ ကျပ်အဖြစ်သို့ သတ်မှတ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာ အမည်ဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုကို ပြုလုပ်လာခဲ့သော်လည်း မိုဘိုင်းဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၃၅ ကျပ်နှင့် အင်တာနက် အသုံးပြုမှုအတွက် 1 MB လျှင် ၁၅ ကျပ် သတ်မှတ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းထားသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ၎င်းတို့ကို အမြတ်ရရှိဖို့အတွက် လုပ်ကိုင်နေသည်ဟု မထင်စေလိုကြောင်း၊ ယနေ့အချိန်သည် ပိုမိုကောင်းမွန်သော ကွန်ရက်နှင့် ဝန်ဆောင်မှုတို့ကို ပြုလုပ်နေသည့်အချိန် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ စာရင်းဇယားများအရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူဦးရေ ၁၁ သန်းရှိပြီး Ooredoo ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူမှာ ၁.၆ သန်းရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို လက်ရှိအချိန်၌ ပိုင်ဆိုင်ထားပြီး Telenor ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ လူဦးရေသည် စက်တင်ဘာလ၌ ၂ သိန်း ၅ သောင်းကျော် ရှိသည်ဟု သိရသည်။


အင်တာနက် ဂျာနယ်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ