Wednesday, January 7, 2015

အဲအေးရှား လေယာဉ် အမြီးပိုင်း ရှာဖွေတွေ့ရှိကြောင်း အင်ဒိုနီးရှား အတည်ပြု


ပင်လယ်အောက် နစ်မြုပ်နေသည့် အဲအေးရှား လေယာဉ်ပျက်၏ အမြီးပိုင်းကို ရှာဖွေ တွေ့ရှိပြီးနောက် လေယာဉ်ကိုယ်ထည် အဓိက အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်များ ပိုမို အားကောင်းလာခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့သည့် အဲအေးရှား လေကြောင်း ခရီးစဉ်အမှတ် QZ8501မှ လေယာဉ် အမြီးပိုင်းကို ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် အင်ဒိုနီးရှား အာဏာပိုင်များက အတည်ပြုခဲ့သည်။
လေယာဉ်ပျက်နှင့် ရုပ်အလောင်းများ ရှာဖွေရေးနှင့် ဆယ်ယူရေး ကဏ္ဍကို တာဝန်ယူ ဆောင်ရွက်နေသည့် အဖွဲ့ခေါင်းဆောင် ဘမ်ဘန်း ဆိုလစ္စယိုက ရေအောက်တွင် ရိုက်ကူးထားသည့် လေယာဉ်အမြီးပိုင်း ဓာတ်ပုံများကို ပြသခဲ့ရာ အဲအေးရှား ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ထင်ရှားစွာ တွေ့မြင်နေရသည်။
ပုံမှန်အားဖြင့် လေယာဉ်များ၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxများကို အမြီးပိုင်းအနီးတွင် ထားရှိလေ့ရှိရာ အဲအေးရှား လေယာဉ်၏ Black Box များကို တွေ့ရှိရန် ပိုမို မျှော်လင့်လာနိုင်ပြီဟုလည်း ဘမ်ဘန်းက ဆိုသည်။
“ကျွန်တော်တို့ရဲ့ ရှာဖွေရေး လုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသ အောင်မြင်မှု ရရှိလာပါတယ်။ တွေ့ရှိထားတဲ့ အစိတ်အပိုင်းဟာ လေယာဉ်ရဲ့ အမြီးပိုင်းအဖြစ် အတည်ပြုနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
Airbus A320-200 အမျိုးအစား လေယာဉ်သည် ပျက်ကျချိန်တွင် လူ(၁၆၂)ဦး လိုက်ပါသွားပြီး ၎င်းတို့အားလုံး သေဆုံးကုန်ပြီဟု ယူဆရသည်။ လတ်တလောတွင် နိုင်ငံပေါင်းစုံ ပါဝင်သည့် ရှာဖွေရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေပြီး ရုပ်အလောင်းပေါင်း (၄၁)လောင်းထိ ပြန်လည် ရရှိထားကြောင်း သိရသည်။
_Ref: Channelnewsasia

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ