Monday, November 3, 2014

တယ်လီနောဆင်းမ်ကတ်ထပ်မံမချပေးလျှင် မှောင်ခိုဈေးကွက်ဖြစ်နိုင်ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်များပြော


တယ်လီနောဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင်များတွင် အလွယ်တကူဝယ်ယူ၍ မရတော့ဘဲ ရောင်းချပေးနိုင်သည့် ပမာဏနည်းလာသောကြောင့် အချိန်မီ ထပ်မံချမပေးနိုင်ပါက မှောင်ခိုဈေးကွက်များဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သတင်းရရှိသည်။
‘‘ဆင်းမ်ကတ်တွေက ကျွန်တော်တို့ဆီမှာ ကုန်သလောက် ဖြစ်နေပြီ။ တခြားဆိုင်တွေမှာဆိုရင် လုံးဝကုန်သွားပြီ။ ဈေးကွက်ထဲမှာ  ဆင်းမ်ကတ်တွေပြတ်သွား ပြီဆိုရင် မှောင်ခိုဈေးကွက်ဖြစ် လာနိုင်ပါတယ်’’ဟု လူကြီးမင်းစီးပွားရေးလုပ်ငန်းစုမှ ဒါရိုက်တာကိုစည်သူကပြောသည်။
တယ်လီနောအနေဖြင့် ရန်ကုန်မြို့တွင် အောက်တိုဘာ၂၆ ရက်၌ ဆင်းမ်ကတ်များစတင် ရောင်းချပေးခဲ့ပြီး မူလက ဖုန်းဘီလ်သုံးထောင်ကျပ်နှင့် ဆင်းမ်ကတ်တစ်ကတ်တွဲရောင်းပေးသော်လည်း လက်ရှိတွင် ဆင်းမ်ကတ်ရှားပါးလာသောကြောင့် ဟန်း ဆက်နှင့်တွဲရောင်းသည့်ဆိုင်များရှိလာသလို ဖုန်းဘီလ်ငါးထောင်နှင့်အထက်ဖြည့်မှ ဆင်းမ်ကတ်ရောင်းသည့်ဆိုင်များလည်းရှိလာကြောင်း အသုံးပြုသူများထံမှ သတင်းရရှိသည်။

‘‘ဆင်းမ်ကတ်တွေ ထပ်ချပေးဖို့က နောက်ထပ်ရှစ်ရက်လောက်လိုသေးတယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီမှာလည်းရာဂဏန်းတောင်မရှိတော့ဘူး။ အရေအတွက်ကို ထိန်းပြီးတော့ရောင်းနေရတယ်။ ထပ်မချပေးနိုင်သေးဘူးဆိုရင် ဈေးတင်ရောင်းတာတွေဖြစ်လာနိုင်ပါတယ်’’ဟု Mr.Foneမိုဘိုင်းဖုန်းအရောင်းဆိုင်မှ Operation မန်နေဂျာ ကိုတင်အောင်လွင်ကပြောသည်။
 တယ်လီနောအနေဖြင့် ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ စတင်ရောင်းချရာ၌ အရောင်းဆိုင်ပေါင်း ရှစ်ထောင်မှ တစ်ဆင့် ဆင်းမ်ကတ်ပေါင်းတစ်သန်းအထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်းပြောကြားထားပြီး လက်ရှိတွင် အရောင်းဆိုင်များသို့ ထပ်မံချထားပေးမည့်ရက်ကို အတိအကျပြောကြားထားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ