Tuesday, August 18, 2015

ရေဘေးကြောင့် အခက်တွေ့နေသော ပါတီငယ်များ

မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးဖြစ်စဉ်များအနက် တစ်ခုအဖြစ် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုများက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သုံး လကျော် အလိုတွင် ဖြစ်ပေါ်ခဲ့ သည်။

ဇူလိုင် ၁၄ ရက်က စတင်ခဲ့ သည့် ရေကြီးနစ်မြုပ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးကာ ပြည်သူ ၁ ဒသမ ၆ သန်းကျော် ရေဘေးသင့်ခဲ့သည်။ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ၀ိုင်းဝန်းကူညီခဲ့ကြရာ တွင် နိုင်ငံရေးပါတီများလည်း ပါဝင်
သည်။ 

သို့သော် ပါတီတိုင်းက ရေဘေးအတွက် ကူညီနိုင်ခဲ့ခြင်း မဟုတ်ဘဲ ငွေကြေးအင်အား တောင့်တင်းသော ပါတီကြီးများသာ ကူညီနိုင်ခဲ့ပြီး ရေဘေးကူညီကာ ရွေးကောက်ပွဲအတွက် အသုံးချပိုင်ခွင့် အခွင့်အလမ်းကို ဆုပ်ကိုင်မှုများရှိခဲ့ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းကြား သုံးသပ်မှုများ ရှိလာသည်။

‘‘ငွေကြေးတတ်နိုင်တဲ့ ပါတီကြီးတွေက ရေဘေးကူညီပေးမှုတွေနဲ့အတူ သူတို့ပါတီရဲ့ မကြာမီယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းတဲ့သဘောတွေ တွေ့လာရတယ်။ ပါတီနိုင်ငံရေးနဲ့ ကုသိုလ်ရေးရော ထွေးနေကြတယ်’’ဟု မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဦးသန်းအောင်ကပြော သည်။

ရေဘေးသင့်ဒေသများသို့ကူ ညီထောက်ပံ့မှုပေးရာတွင် နိုင်ငံရေးပါတီအချို့ ပါတီအမှတ်တံဆိပ်ပါ ၀တ်စုံများဝတ်ဆင်ခြင်း၊ ပါတီအလံထောင်၍ သွားလာကူညီခြင်းများကို ဒေသအချို့၌ တွေ့ မြင်လာရခြင်း အား အခြေခံ၍ ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ် သည်။

ထိုသို့လှူဒါန်းထောက်ပံ့မှုမှာ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ဖြည့်ဆည်းချက်ဖြစ်နေသော ကြောင့် ပြည်သူများက ကြည်ဖြူသော်လည်း ငွေကြေးအင်အားနည်းပါးသည့် ပါတီငယ်များအတွက် နစ်နာစရာများရှိနေခဲ့ကြောင်း ပါတီငယ် အများစုက ထောက်ပြသည်။

‘‘သူတို့ ပါတီကြီးတွေက ဒါမျိုးကူညီလှူဒါန်းပေးကြတာ မုဒိတာပွားပါတယ်။ ဒါပေမဲ့ ပါတီအနိုင်ရရှိရေး အတွက်ကိုသာ ရည်ရွယ်ပြီး နိုင်ငံရေးအသုံးချတာဆိုရင်တော့ ကျွန်တော်တို့ပါတီငယ်လေးတွေအတွက် နစ်နာသလို လက်ခံပေးနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်’’ဟု ၀ံသာနု NLD(ပြည်ထောင်စုမြန်မာနိုင်ငံတော်) ပါတီဥက္ကဋ္ဌ ဦးရဲမင်းက ပြောသည်။

ရေဘေးဖြစ်ပေါ်ခဲ့သည့် တစ်လတာကာလအတွင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီသုံးခုက အခြားပါတီကြီးများထက် ဒေသစုံသို့ သွားရောက်ကူညီထောက်ပံ့မှု အများဆုံးပြုလုပ်နေပြီး ယင်းပါတီဝင်များ၏လှုပ်ရှားမှုများမှာလည်း မြင်တွေ့ရမှုပိုများလာသည်ဟု ရေဘေးကူညီရေးလူမှုအသင်း အဖွဲ့များကဆိုသည်။

‘‘ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရေဘေးသင့်နေတဲ့နေရာတွေကို ကိုယ်တိုင်ဆင်းကြည့်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ စည်ပင်တာဝန်ရှိသူတွေနဲ့ပေါင်းပြီး လှူဒါန်းကူညီမှုတွေလုပ်တယ်။ NLD ကတော့ ရေဘေးဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးစခန်းဖွင့်လိုက်တယ်။ ရေဘေးသင့်နေရာတွေ အကုန်လုံးနီးပါးကို ထမင်းထုပ်နဲ့ရေလိုက်ဝေတယ်။ မရောက်တဲ့နေရာ သိပ်မရှိဘူး။ ဒါပေမဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီတဲ့နေရာမှာ မဲဆွယ်သလို၊ အခွင့်အရေးယူသလို မဖြစ်ဖို့မြို့နယ် NLD ရုံးက နှုတ်မိန့်နဲ့ညွှန်ကြားထားတယ် ပြောတယ်။ ဒီဘက်မှာ တောင်သူလယ်သမားပါတီလည်း ကူညီရေးဆင်း တယ်။ သူတို့ကတော့ သူတို့ ပါတီအလံကို ထောင်ထားတာ တွေ့တယ်’’ ဟု ပရဟိတလုပ်ငန်း လုပ်ကိုင်နေ သူ လက်ပံတန်းမြို့ခံ ကိုရဲမင်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ရေဘေးသင့် ဒေသများအတွက် တစ်လတာကာလအတွင်း ထောက်ပံ့ကူညီမှုသည် ကျပ်သိန်းတစ်ထောင်ကျော်ရှိနေပြီဟု ကနဦးထုတ်ပြန်ချက်များ၌ ဖော်ပြထား သည်။

အာဏာရပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း ယနေ့အချိန်အထိ ရေဘေးသင့် ဒေသများသို့ ကူညီထောက်ပံ့မှုအတွက် ကျပ်သိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်ဟု သတင်းအရင်းအမြစ် များကဆိုသည်။

ငွေကြေးအင်အား တောင့်တင်းသည့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီအနေဖြင့် ပါတီဥက္ကဋ္ဌ အလှူငွေထည့်ဝင်မှုဖြင့် တစ်လတာကာလအတွင်း ရေဘေးသင့်ဒေသများအတွက် ကျပ်သိန်း ၇၀၀ ခန့် လှူ ဒါန်းခဲ့သည်။

ထိုသို့ ပါတီကြီးများမှ ငွေကျပ်သိန်းရာထောင်ချီ လှူဒါန်းထောက်ပံ့မှုများပြုလုပ်နေချိန်တွင် ပါတီငယ်အချို့ မှာ နီးစပ်ရာမှ အလှူငွေကောက်ခံ၍ ရေဘေးအတွက် အနည်းငယ်ထောက်ပံ့ကူညီမှုများသာ ပြုလုပ်ထား နိုင်ခဲ့ကြသည်ဟု ထုတ်ဖော် ပြောကြားသည်။

‘‘ရန်ပုံငွေမှမရှိတာ ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ကိုယ်တတ်နိုင်သလောက် ရေဘေးဒုက္ခရောက်နေတဲ့ လေးနေရာလောက်ကတော့ အစားအသောက်အလှူ လုပ်ထားတယ်။ အားရမှုတော့မရှိဘူး’’ဟု ကရင် ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးစောစေးဝါးကပြောသည်။

အချို့ပါတီများမှာမူ အခြားရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရေးထက် မိမိတို့ပါတီဝင်များ အတွက် အခက်အခဲရှိနေသူများကိုပင် အကူအညီပေးနိုင်ရန်ခက်ခဲနေသည်ဟုဆိုသည်။

‘‘ရန်ပုံငွေလည်း မတောင့်တင်းဘူး။ ပါတီဝင် အများစုကလည်း လယ်သမားတွေ၊၀န်ထမ်း တွေများတယ်။ နိုင်သလောက်ရေ ဘေးအတွက် လှူထားတယ်။ ပါတီအနေနဲ့ ငါးသိန်း၊ သာရေး၊ နာရေးကူညီမှုအသင်း အနေနဲ့ ငါးသိန်း လှူထားတယ်။ အဲဒီပမာဏ ပါတီကြီးတွေအတွက် ရယ်ချင်စရာ ဖြစ်ချင်ဖြစ်မယ်။ အမှန်ပြောရရင် စည်းရုံးရေးလည်းမဆင်းနိုင်ဘူး။ လက်ရှိအခြေအနေလေးကို ဆက်ထိန်းထားပြီး ပါတီတည်တံ့ဖို့လုပ် နေတယ်’’ဟု ကမန်အမျိုးသား တိုး တက်ရေပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။

ထိုသို့ရေဘေးကိုအကြောင်းပြု၍ မဲဆွယ်သည့်သဖွယ် ပြုလုပ်မှုရှိလာခြင်းမှာ နိုင်ငံရေးစည်းမျဉ်းအရ မျှတမှုမရှိသည့်အပြင် ပြည်သူလူထုအပေါ် ရိုးသားမှုမရှိခြင်း လည်းဖြစ်သည်ဟု နိုင်ငံရေးပါတီ ဥက္ကဋ္ဌ အချို့ကဆိုသည်။

‘‘ပြည်သူလူထုက နားလည် မှာပါ။ ပါတီငယ်လေးတွေအနေနဲ့လည်း တကယ်စည်းရုံးရေးဆင်းတဲ့ အခါကျမှ ပြည်သူ့အတွက် ဘယ်လိုရပ်တည်ဆောင်ရွက်နိုင်မလဲဆိုတာ သက်သေပြရတော့မယ်။ မဲ ပေးတာက နိုင်ငံနဲ့ချီတဲ့ကိစ္စ။ နိုင်ငံရေးနဲ့ ဘာသာရေးခွဲမြင်ကြဖို့ လို ပါတယ်’’ဟု ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောသည်။

ထိုသို့ နိုင်ငံရေးပါတီကြီးများက ရေဘေးတွင် ငွေကြေးအလုံး အရင်းနှင့် ကူညီထောက်ပံ့ပေးမှုဖြင့် ပါတီပုံရိပ်မြှင့်တင်လာကြချိန်တွင် ပါတီငယ်တစ်ခုအနေဖြင့်မိမိ ဒေသရှိပြည်သူနှင့် ယုံကြည်မှုခိုင်မာစွာ တည်ဆောက်ထားနိုင်ရေး အတွက်သာ ဦးစားပေးနေရသည့် အနေအထားတွင်ရှိနေသည်။

‘‘ကျွန်တော်တို့မှာ ငွေကြေး အခက်အခဲရှိလို့ မထောက်ပံ့ပေးနိုင်ပေမယ့် ကျွန်တော်တို့တိုင်းရင်းသား လူမျိုးတွေနဲ့ ယုံကြည်မှုက လျော့သွားမယ်မထင်ဘူး။ ကျွန်တော်တို့ရပ်တည်မှုကို သူတို့(တိုင်းရင်းသား လူထု) တွေက သိကြတယ်လေ’’ဟု ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီအတွင်းရေးမှူး ဦးနေသာကျော် ကပြောသည်။

ထိုသို့ရေဘေးနှင့်အတူ ပါတီစည်းရုံးရေးလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဦးစောစေးဝါးက ‘‘ရေဘေးကူညီတဲ့ပါတီတွေကရွေး ကောက်ပွဲမှာ အများကြီးပြောင်းလဲအောင် မလုပ်နိုင်ပေမယ့် အထောက် အကူနည်းနည်းတော့ဖြစ် မှာပေါ့။ ဒီအချိန်မှာ စည်းရုံးဖို့ လည်း မသင့်တော်ဘူး။ ဘယ်သူမှလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ အကုန်လုံးက စားဝတ်နေရေးနဲ့ သူတို့ရဲ့လုံခြုံရေးကိုပဲ စိတ်ဝင်စားနေကြတာ။ ကျွန်တော်တို့ ငါးနှစ်ဆက်တိုက်လုပ်လာခဲ့တဲ့ စည်းရုံးရေးက အထောက်အကူ ဖြစ်စေမှာပါ’’ဟု မှတ်ချက်ပြု သည်။

သို့သော် ရေဘေးကူညီသော နိုင်ငံရေးပါတီများသည် လမ်းတစ်လျှောက် ပါတီအမှတ်တံဆိပ်အလံနှင့် အင်္ကျီများဝတ်ဆင်လွှင့်တင်ကြသော်လည်း ဒုက္ခရောက်နေသည့် ပြည်သူများအား အလှူပစ္စည်းများ ပေးအပ်ချိန်တွင် ပါတီအကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်သည်များ ပြောဆိုခြင်း၊ မဲဆွယ်ခြင်းမရှိကြောင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ ရေဘေးသင့်ပြည်သူများက မှတ်ချက်ပြုသည်။

‘‘ပါတီနှစ်ခု၊ သုံးခုလောက် ရွာကိုလာပြီး လှူကြတယ်။ ရိုးရိုးသားသားပါပဲ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောဆိုတာမရှိပါဘူး’’ဟု သာယာဝတီမြို့နယ်ရှိ ဘီးလင်းအရှေ့စုရွာမှ ဦးထွန်းသိန်းကပြော သည်။

အင်အားကြီးပါတီအချို့၏ ထောက်ပံ့ကူညီမှုသည် စည်းရုံးရေးသဖွယ်ဖြစ်နေသည် ဆိုသော်လည်း ယင်း အချက်မှာ ရွေးကောက်ပွဲကော်မရှင်က အရေးယူနိုင်သည့် နယ်ပယ်တွင် ရှိမနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးက ဆိုသည်။

‘‘ဒီကိစ္စက စည်းရုံးရေးဖြစ်နေရင်တောင် ကိုယ်စားလှယ်လောင်စာရင်း မထုတ်ပြန်ရသေးတဲ့ အတွက် ကိုယ်စားလှယ်လောင်းစည်း ရုံးရေးတော့မဖြစ်နိုင်ဘူး။ ပါတီအနေနဲ့ကတော့ သူ့ပါတီစည်းရုံးရေးက လုပ်ခွင့်ရှိပြီးသားပါ။ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီး သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေး ကာလမတိုင်မီ စည်းရုံးတာမျိုးဆိုရင်တော့ အရေးယူနိုင်တဲ့ အနေအထားဖြစ်ပါတယ်’’ဟုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

လက်ရှိအချိန်တွင်မူ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေခြင်းမှာ တစ်လကျော် လာခဲ့ပြီဖြစ် ပြီး ဒုက္ခရောက်နေသည့် ပြည်သူအရေအတွက်မှာ နေ့စဉ်တိုးမြင့်နေဆဲဖြစ်သည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုကို အင်အားကြီးပါတီများအနေဖြင့်ပါ တီငယ်များ စိုရိမ်နေသည့် မဲဆွယ်မှုသဏ္ဌာန်ကဲ့သို့မဟုတ်ဘဲ ပရဟိစိတ်ဖြင့် မည်မျှ ဖြည့်ဆည်းပေးနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ