ငွေလဲလှယ်ရေး ဈေးကွက်တွင် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းသွားပြီး သြဂုတ် ၂၀ ရက် က အမေရိကန် တစ်ဒေါ်လာလျှင် ပြင်ပဈေးကွက်၌ ကျပ် ၁,၃၀၀ ကျော်သို့ မြင့်တက်သွားသည်။ ‘‘အ၀ယ်ကများတယ်။ ဗဟိုဘဏ်က ဆက်တိုက်မြှင့်နေတော့ ဈေးကွက်မှာ ဘာဖြစ်နေမှန်းမသိဘူး’’ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သို့ မြှင့်တင်လိုက်ချိန် တွင် သြဂုတ် ၂၀ ရက် နံနက်က ပြင်ပဈေး ကွက်၌ တစ်ဒေါ်လာလျှင် ၁,၃၀၄ ကျပ်အထိ မြင့်တက်ခဲ့သည်။
ဗဟိုဘဏ်ငွေလဲနှုန်းသည် သြဂုတ် ၂၀ ရက်တွင် အမေရိ ကန်တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်ခန့်ရှိခဲ့ပြီး ယခင်နေ့က ၁,၂၇၅ ကျပ်သာဈေးရှိခဲ့သည်။
ထိုကဲ့သို့ ဗဟိုဘဏ်၏ ငွေ လဲနှုန်းမြင့်တက်မှုကြောင့် ပြင်ပ ဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁,၃၀၄ ကျပ်ခန့်အထိ ဈေးတက်လာသည်။ ယခင်နေ့ ဈေးပိတ်ချိန်တွင် ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာ ၁,၂၉၅ ကျပ်ခန့်သာဈေးရှိသည်။
‘‘ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးကို ဘာလို့ လိုက်မြှင့်နေလဲဆိုတာ မှန်းရခက်နေပြီ။ အပြင်နဲ့ကွာဟမှု နည်းအောင်လုပ်တာလားတော့ မသိဘူး’’ ဟု မြန်မာ့ရှေ့ ဆောင်ဘဏ်မှ အကြီးတန်းအရာ ရှိတစ်ဦးကပြော သည်။
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုသည် ယခုနှစ် ဇွန်လ ၁၀ ရက်က ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ လျှင်ကျပ် ၁,၃၀၀ ထိသာ ခေတ္တ ရောက်ရှိခဲ့သည်။ ပြီးနောက် ပြန် လည်ကျဆင်းခဲ့ပြီး ၁,၂၀၀ ကျပ် ကျော်တွင်သာ ဈေးနှုန်းအတက် အကျအနည်းငယ်ရှိခဲ့ရာမှ သြဂုတ် ၂၀ ရက်တွင် ၁,၃၀၀ ကျပ် ကျော်လာခြင်းဖြစ်သည်။
ကျပ်ငွေတန်ဖိုးကျကာ ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာမည်ကို ပြည်တွင်း စီးပွားရေးသမားများက စိုးရိမ်နေကြသည်။မြန်မာနိုင်ငံတွင် မည်သည့်ကုန်ပစ္စည်းများမှ မထုတ် နိုင်ချိန် ပြည်ပသို့ လယ်ယာထွက်သီးနှံနှင့် ရေထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချမှုလျော့နည်းပြီး မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်နေသော သဘာဝဓာတ်ငွေ့ဈေးနှုန်းများ လျော့ကျနေသဖြင့် လက်ရှိနိုင်ငံခြားငွေတန်ဖိုး မြင့်တက်မှုသည် အကျိုးမရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးကပြောသည်။
‘‘ပို့ကုန်ကနည်းနေပြီး ရင်းနှီးမြှုပ်နှံမှုမ၀င်ဘဲ ဒေါ်လာတန်ဖိုးကတက်နေတာ ပြည်သူတွေပဲ ခံရတာ။ အခုအခြေအနေက ရှေ့ဆက်တက်ဦးမယ့်အခြေအနေမျိုးပဲ’’ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
လက်ရှိ ပြည်တွင်းဈေးကွက် တွင် ရွှေဈေးနှုန်းမြင့်တက်ရခြင်းသည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည် ယနေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၁၃၉ ရှိနေ သည်။
ထို့အပြင် ဒေါ်လာတန်ဖိုးတက်သောကြောင့် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းဈေးနှုန်းများ ယခုရက်ပိုင်း အတွင်း သိသိသာသာ တက်လာသည်။
7Day Daily
No comments:
Post a Comment