ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) မှ ဦးဆောင်၍ မဲဆန္ဒရှင်များအားနှိုးဆော်ခြင်းကို သြဂုတ်လ(၂၄)ရက်နေ့မှစတင်ကာ (၁၀)ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကို ပုသိမ်မြို့ရှိ မဲဆန္ဒရှင်များ စိတ်ဝင်စားမှုအားနည်းနေသောကြောင့် မဲပေးနိုင်သည့် နောက်ဆုံးအတည်ပြု မဲဆန္ဒရှင်စာရင်းအား သွားရောက်ကြည့်ရှုရန်နှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရန်အတွက် လှုံ့ဆော်သည့် စာရွက်များဝေခြင်း ဟောပြောခြင်းများကို ပုသိမ်မြို့ပေါ်ရပ်ကွက် (၁၅)ခုတွင် အဆိုပါရက်များအတွင်းပြုလုပ်သွားမည်ဖြစ် ကြောင်း လူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ (HRDP) ပုသိမ်ဒေသဆိုင်ရာ အတွင်းရေးမှူး ဦးသက်လွင်က ပြောသည်။
“ကျွန်တော်တို့ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးဖို့ရည်ရွယ်ပြီးလုပ်နေတာပါ။ မဲဆန္ဒရှင် ပြည်သူတွေဟာ နေ့စဉ်ဘ၀အခက်အခဲတွေနဲ့ လုံးပမ်းနေရတဲ့အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲကို အမှု မဲ့အမှတ်မဲ့နေမှာစိုးလို့ ဒီလိုအသိပေးလှုံ့ဆော်ရတာပါ။ နိုင်ငံသားတိုင်း အခွင့်အရေး မဆုံးရှုံးရအောင် ငါးနှစ် မှ တစ်ကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို မဲစာရင်းမကြည့်မိလို့ မဲပေးခွင့်ဆုံးရှုံးမှာစိုးလို့ ခုလိုလှုံဆော် တာပါ။” ဟုလူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ (HRDP) ပုသိမ်ဒေသဆိုင်ရာ အတွင်းရေးမှူး ဦးသက်လွင် ကပြောသည်။
မဲဆန္ဒရှင်လှုံ့ဆော်မှုကို ပုသိမ်မြို့ပေါ်ရပ်ကွက် (၁၅) ခုအတွင်းလည့်လည်ပြီး တစ်နေ့လျှင်တစ်ရပ်ကွက်(သို့) နှစ်ရပ်ကွက်နှုန်းဖြင့် လှည့်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါလှုပ်ရှားမှုတွင် လှုပ်ရှားသူ ၂၀ ခန့်က တီရှပ်၏ ရှေ့ဘက်၌` မဲစာရင်းကြည့်ကြပါစို့ နှင့် နောက်ဘက် တွင် နိုင်ငံသားတိုင်းမဲပေးခွင့် အခွင့်အရေးရှိသည်´ဟူသောစာတန်းများပါရှိသော အပြာနုရောင်တီရှပ်များ ၀တ်ဆင်ကာ မဲစာရင်းနှင့် သက်ဆိုင်သော အသိပညာပေး လက်ကမ်းစာဆောင်များကမ်းခြင်း အသိပညာ ပေးဟောပြောခြင်းများ ပြုလုပ်ပြီးလှုံဆော်ခဲ့ကြောင်း သိရသည်။
“အများပြည်သူသိအောင် လုပ်ပေးတဲ့အတွက် ကြိုဆိုပါတယ်။ ကျွန်တော်တို့ကို အကြောင်းကြား ထားတာ တော့ မရှိပါဘူး။ ကော်မရှင်လုပ်ဆောင်ရမှာတွေကို ၀ိုင်းပြီးကူညီနေသလိုပါပဲ ။ လုပ်တဲ့သူတွေကို ကျေးဇူး တင်ပါတယ်။ များများ လုပ်စေချင်ပါတယ်။”ဟု ပုသိမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိန်သောင်းက ပြောသည်။
ပုသိမ်မြို့တွင်း ကမ်ပိန်းလုပ်ရာတွင် လူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ(HRDP)နှင်အတူ မျိုးဆက် သစ်-အမေ့ကြယ်ပွင့်လေးများအဖွဲ့နှင့် လိုင်ဇာငြိမ်းချမ်းရေးနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအဖွဲ့ တို့မှလည်း ပူးပေါင်းပါဝင်လှုပ်ရှားနေကြောင်း သိရသည်။
myitmakha.com
No comments:
Post a Comment