ချင်းပြည်နယ်ရှိ ရေဘေးသင့်ပြည်သူအချို့သည် စားနပ်ရိက္ခာများ ပြတ်လပ်လာသောကြောင့် ထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းများကိုယ်တိုင်သွားရောက် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့်က ပြောသည်။
‘‘ချင်းပြည်နယ်မှာဆိုရင်တော့ အဝတ်အစားတွေထက် အစားအသောက်ကိုတောင် ဒုက္ခရောက်နေတော့ စားစရာတွေ လည်းပို့ပေးမယ်။ သူတို့တကယ်ကိုလိုအပ်နေပြီဆိုတော့ အခု ကိုဝေဠုနဲ့တိုင်ပင်ပြီး ကိုယ်တိုင် သွားဖို့လည်းစီစဉ်နေတယ်။ ကောက်ခံရရှိထားတဲ့အလှူငွေ ပမာဏကလည်းများလာပြီဆိုတော့ ပထမ ဘဏ်ကလွှဲပေးမလို့ ပဲ။ အခုထိရာသီဥတုကမကောင်းသေးတော့ သူတို့က ဘဏ်ကလွှဲတာကို လက်ခံလို့ မရသေးဘူး ပြောတယ်’’ဟု သက်မွန်မြင့်က ပြောသည်။
သက်မွန်မြင့်က ၎င်း၏ဇာတိ ဖလမ်းမြို့တွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေမှုကြောင့် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းများနည်းပါးနေ၍ စားနပ်ရိက္ခာများပြတ် လပ်ကာ ပြည်သူများဒုက္ခရောက်နေသည့်အတွက် ထောက်ပံ့ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်ပေး မည်ဟု ပြောသည်။
‘‘ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့သူတွေမှာ တစ်ဒေသနဲ့တစ်ဒေသမတူတာကြောင့် မြေပြန့်က ပြည်သူတွေဆီကိုတော့ ထောက်ပံ့ရေးတွေတော်တော် များများရောက်ကြတယ်။ ဒီအချိန်မှာ ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းတဲ့အလှူရှင်တွေကိုလည်း တကယ်ကိုကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဟားခါး မှာရှိ တဲ့လူခြောက်ထောင်လောက်က ဒုက္ခသည်စခန်းရောက်နေတယ်။ ကျန်တဲ့သုံးထောင်ကျော်လောက် က အမျိုးတွေအိမ်လိုက်နေရတာတွေကို အချက်အလက်တွေ ကောက်ထားတယ်။ ဖလမ်းမြို့နယ်မှာဆိုရင် ရွာပေါင်း ၈၀ ရှိတာကို ၁၅ ခုပဲကောက်လို့ရသေးတယ်။ သက်မွန် အခုဒါတွေကိုလည်း ကြိုးစားလုပ်ပေး နေတယ်’’ ဟု ပြောသည်။
လက်ရှိတွင် ကောက်ခံရရှိထားသည့် အလှူငွေစုစုပေါင်းမှာ ကျပ်သိန်း ၄၅၀ကျော်ရှိပြီး ၎င်းကိုယ်တိုင် လှူဒါန်းထားသည့် ငွေကြေးမှာ ကျပ်သိန်း ၂၀ကျော်ရှိကြောင်း သိရသည်။
ရေဘေးကြောင့်ဒုက္ခရောက်နေကြရသည့် ပြည်သူများကိုလည်း သက်မွန်မြင့်က ‘‘ရေဘေး ဒဏ်ခံနေကြရတဲ့ ပြည်သူတွေ အမြန်ဆုံးဒုက္ခတွေကနေ လွတ်ငြိမ်းပါစေ။ သက်မွန်တို့လည်း အတတ်နိုင်ဆုံးကြိုးစား လုပ်ဆောင် ပေးနေပါတယ်’’ဟု ဆုတောင်း စကားဆိုခဲ့သည်။
7 Day Daily
No comments:
Post a Comment