Tuesday, August 25, 2015

WFP က လှူဒါန်းတဲ့ High Energy Biscuit ကိစ္စ ရှင်းလင်းခြင်း

အခုထွက်လာတဲ့ဓါတ်ပုံဟာ လ္ဘက်ရည်ဆိုင်စားပွဲပေါ်မှာ တင်ထားတတာ တစ်ခုပဲ ပါပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်ဈေးနှုန်းနဲ့၊ ဘာကြောင့်၊ ဘယ်ပုံဘယ်နည်းနဲ့ ဒီလိုမျိုး လုပ်သလဲဆိုတာ တိတိကျကျ ဖော်ပြမထားပါဘူး။ အထူးသဖြင့် ဘယ်ဒေသမှာ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာ သိဖို့ လိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လူမှုကယ်ဆယ်ဝန်ကြီးဌာနနဲ့ အစိုးရဌာနတွေကို မေးမြန်းထားပါတယ်။ လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။

ဖြစ်နိုင်ချေ (၃) ခုရှိပါတယ်။

(၁) WFP ထောက်ပံ့ပစ္စည်းတွေကို ပြင်ပကို ရောင်းစားခြင်း ဖြစ်ပါတယ်။ လူမှုကယ်ဆယ် အစရှိတဲ့ အုပ်ချုပ်ရေးကဏ္ဍ၊ သူနဲ့ ဆက်နွယ်နေတဲ့သူတွေက ရေဘေးသင့်ပြည်သူတွေဆီပေးရမယ့် စားသောက်ကုန် တွေကို ပြင်ပကို ရောင်းစားတာ ဖြစ်ပါတယ်။ ဒီပုံထဲမှာပါတဲ့ ဘီစကစ်ကို အရောင်းအ၀ယ်လုပ်ဖို့ ဈေးနှုန်းဘယ်လို သတ်မှတ်သလဲ သိဖို့ လိုပါတယ်။

တစ်ကယ်တမ်း အလှူဘီစကစ်တွေ ရောင်းတယ်ဆိုရင်တော့ တော်တော်ကြီးကိုယုတ်ညံ့ပြီး စိတ်ဓါတ် အောက်တန်းကျတယ် လို့ ပြောရမှာပါပဲ။ ဒီနေရာမှာ လူမှု-ကယ်ဆယ်အပါအ၀င် အုပ်ချုပ်ရေးက ပါဝင် ပတ်သက်နေတယ်ဆိုရင် ထိထိရောက်ရောက် အရေးယူရမှာပါပဲ။ ၂၀၀၈ နာဂစ်မှာလည်း လှူဒါန်းမှုတွေကို ကိုယ်ကျိုးသုံးတာ၊ အလွဲသုံးတာ၊ အပိုင်စီးတာတွေ ရှိခဲ့တယ်၊ ပြင်းပြင်းထန်ထန်လည်း အရေးယူခဲ့ပါတယ်။ အခုလည်း လုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ဒုက္ခသည်ပါးစပ်ထဲက ဆွဲယူပြီး ကိုယ်ကျိုးရှာတယ်ဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းမှာ အင်မတန်မှ အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

(၂) နောက် ဒုတိယအချက်က အလှူလက်ခံရရှိတဲ့ ပြည်သူအချို့က သူတို့အတွက် မလိုအပ်လို့ ငွေကြေးနဲ့ ပြန်ပြီး လဲလှယ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဒီလိုမျိုး WFP ဘီစကစ်ကို ဘယ်လောက်ဈေးနှုန်း သတ်မှတ်ပြီး အရောင်းအ၀ယ် လုပ်ကြသလဲ စဉ်းစားဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ကို လာပေးတဲ့ ပစ္စည်း ကိုယ်ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ဘယ်လိုရှင်းကြမလဲ။ ၀ယ်ယူသူတွေအနေနဲ့လည်း ဒုက္ခသည်တွေကို ကူညီပေးအပ်ထားတဲ့ အလှူပစ္စည်းကို ဈေးနှုန်း မတန်တဆ နှိမ်ပြီးဝယ်၊ ပြီးရင် ဈေးတင်ရောင်းဆိုတဲ့ ၀ိသမလောဘတွေ လျှော့ဖို့ လိုပါတယ်။ ရောင်းသူတွေ အနေနဲ့လည်း အမြတ်အစွန်းအကျိုး မြင့်မြင့်မားမားရရှိမှာ မဟုတ်တဲ့အတွက် ပြင်ပကို ပြန်လည်ရောင်းချ ခြင်းတွေ မလုပ်ဖို့ အရေးကြီးပါတယ်။

(၃) တတိယအချက်ကတော့ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးရိုက်ကူးပြီး WFP ဘီစကစ်တွေ ရောင်းစားနေတယ် ဆိုတာကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ နာမည်ဖျက်တာပဲ ဖြစ်ပါတယ်။ လ္ဘက်ရည်ဆိုင်က မုန့်ထည့်တဲ့ ပန်းကန်ပြားထဲမှာ ထည့်ပြီး ဓါတ်ပုံရိုက်၊ Facebook တင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီလိုမျိုး လုပ်ကြ့တဲ့၊ မဟုတ်မမှန် သတင်းဖြန့်သူကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရ ဖြစ်စေ၊ မိမိပါဝင်/ထောက်ခံတဲ့ အဖွဲ့အစည်းကို အကျိုးဖြစ်ထွန်းစေဖို့ ဖြစ်စေ မဟုတ်မမှန် သတင်းထုတ်လွှင့်ခြင်းကြောင့် မြန်မာဆိုတဲ့ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာ လှူဒါန်းမှုတွေမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါလည်း တော်တော်လေးကို အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူရမှာပဲ ဖြစ်ပါတယ်။

မေတ္တာရပ်ခံချက်

ဝန်ထမ်းထဲက လုပ်ရင် ကျွန်တော်တို့ လက်မခံပါဘူး။ (ထိထိရောက်ရောက် အရေးယူမှာပါ)

မဟုတ်မမှန် လုပ်ကြံတာဆိုရင် ကျွန်တော်တို့ ခွင့်မလွှတ်ပါဘူး။ (ထိထိရောက်ရောက် အရေးယူမှာပါ)

ဝန်ထမ်းပဲဖြစ်ဖြစ်၊ လုပ်ကြံတာပဲဖြစ်ဖြစ် တိုင်းပြည်သိက္ခာ ကျစေပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် အရေးယူရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ Facebook အသုံးပြုသူများအနေနဲ့ ဒီကိစ္စကို မျက်မြင်သိရှိရင်ပဲ ဖြစ်ဖြစ်၊ အကျိုးအကြောင်း ဖြစ်စဉ် အကုန်ကို သိရှိရင်ပဲဖြစ်ဖြစ် ၀န်ကြီးဦးရဲထွဋ် FB ၊ ကျွန်တော့် FB၊ သမ္မတရုံးFB နဲ့ Web စတဲ့ နေရာတွေကို Message များ ပေးပို့ အသိပေးစေလိုပါတယ်။

ဒီကိစ္စက အစိုးရသာမက နိုင်ငံနဲ့ ပြည်သူတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလယ်မှာ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်တဲ့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားစွာဖြင့် - ZH

Oppositeyes.blogspot.com

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ