မကြာသေးမီက ရန်ကုန်မြို့ လမ်းလယ်ကောင်တွင် အမျိုးသမီးလေးတစ်ဦးကို အခြားအမျိုးသမီးနှစ်ဦးက ဓားထောက်လုယက်ခဲ့သည့်သတင်းက မြန်မာတွေအကြားက ဆိုရှယ်အင်တာနက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်းလာသူမိန်းကလေးတစ်ဦးကို အမျိုးသား တစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့ ကြိုးစားသည့်သတင်းကိုလည်း ကြားရပြန်သည်။
ထို့အပြင် ဘတ်စ်ကားပေါ်မှာ မိန်းကလေးတစ်ဦးကို အကာအကွယ်ယူပြီး အသားယူဖို့ကြံစည်သူ အမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရ သ
ည်။
ည်။
အမျိုးသမီးများအကြမ်းဖက်ခံရခြင်း၊ ထိကပါးရိကပါး အစော်ကားခံရသည့်သတင်းများက နေရာတိုင်းမှာ၊ နိုင်ငံတိုင်းမှာ နေ့စဉ်ကြားနေကျသတင်းဖြစ်၏။ ဥပဒေစိုးမိုးမှုရှိသည့်နိုင်ငံများတွင် တစ်ခါတစ်ရံမှသာ ဖြစ်ပွားပြီး ဥပဒေစိုးမိုးမှုမရှိသည့်နိုင်ငံများ၌ ဖြစ်ပွားမှုပိုများသည်။
လက်ရှိတွင် မြန်မာ၏အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာဆိုလျှင် ထိုကဲ့သို့အမျိုးသမီးများ မတရားစော်ကားခံရသည့် သတင်းများကြောင့် တိုင်းပြည်၏ တည်ငြိမ်ရေးနှင့်ဂုဏ်သိက္ခာပါ ထိခိုက်လာနေပြီး အပြင်းအထန်ကြိုးစား ကာကွယ်မှုများဆောင်ရွက်နေ ကြရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလာသည့် အမျိုးသမီးများအကြမ်းဖက် ခံရမှုများနှင့်ပတ်သက်၍ မြန်မာရဲမှူးကြီး တစ်ဦးက မကြာသေးမီက မှတ်ချက်ပေးရာထိုကဲ့သို့အကြမ်းဖက်မှုများမဖြစ်အောင် အမျိုးသမီးများကလည်း လုံလုံခြုံခြုံ ဝတ်စားဆင်ယင်သင့်သည် ဟုဆိုသည်။ သို့သော် နိုင်ငံတကာမှာတော့ သည်အချက်က ထိရောက်သောဖြေရှင်းနည်း မဟုတ်ပါ။ အမျိုးသမီးများသာမက နိုင်ငံသားများ မည်သူမဆို အနိုင်ကျင့် စော်ကားအကြမ်းဖက် မခံရစေရန် အရေးကြီးဆုံးနည်းမှာ တိုင်းပြည်တွင် တရားဥပဒေစိုးမိုးခြင်းနှင့် နိုင်ငံသားများ တရားဥပဒေကို လေးစားလိုက်နာခြင်း ဖြစ်သည်။
‘‘အမေရိကမှာဆိုရင် မိန်းကလေးတွေ တစ်ယောက်တည်းသွားသွား၊ အုပ်စုလိုက်သွားသွား နှောင့်ယှက်မှုမရှိ ဘူး။ သမီးတို့ကို ကြောက်လို့တော့မဟုတ်ဘူး။ ဥပဒေအရ ကာကွယ်ပေးထားတယ်။ ဥပမာ သမီးနားကိုကပ် လာလို့ သမီးကရဲကိုခေါ်လိုက်ရင် ချက်ချင်းရဲကရောက်လာမယ်။ ဖမ်းချုပ်အရေးယူတယ်။ အပြစ်ပေးတယ်။ အပြစ်ပေးပြီးရင်လည်း သူ့ရဲ့မှတ်တမ်းမှာ သည်ပြစ်မှုက တစ်သက်လုံးပါသွားပြီ။ သူ့အတွက် အလုပ် လျှောက်တာ၊ အိမ်ဝယ်၊ ကားဝယ်ကအစ မှတ်ပုံတင်ကိုစစ်ရင် ဒီအချက်ကိုတွေ့တော့ တစ်ဘဝလုံး အဆင်မပြေတော့ဘူး။ ဒီလိုအရေးယူထားတော့ မြန်မာမှာလို ထိကပါးရိကပါး လှမ်းအော်တာတောင် မလုပ်ရဲဘူး’’
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီနစ်တက္ကသိုလ်တွင် ပညာသင်ကြားနေသော ချိုက ပြောသည်။ အမျိုးသမီးများအနေဖြင့် မတရားထိပါးနှောင့်ယှက်ခံရခြင်းသည် လျှပ်ပေါ်လော်လည်စွာ ဝတ်စားဆင်ယင်မှုထက် တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်သာဖြစ်သည်ဆိုတာကို ထင်ရှားသည့် သာဓကတစ်ခုလည်းရှိသည်။ ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဂျာမနီတွင် တစ်ကိုယ်လုံးချွတ်ပြီး ရေကူးသူများ ရှိသော ကမ်းခြေများအများအပြားရှိသည်။
ဂျာမနီမြို့တော် ဘာလင်မှာ စနေ၊ တနင်္ဂနွေနေ့များတွင် ပန်းခြံရေကန်များ၌ အပေါ်ပိုင်းဗလာကျင်းဖြင့် နေပူစာခံနေသည့်အမျိုး သမီးကြီးငယ်များကိုတွေ့နိုင်သည်။ သူတို့ကို မည်သူမှနှောင့်ယှက်ခြင်း၊ အနိုင်ကျင့်ခြင်းမရှိကြ။ အဘယ်ကြောင့်ဆိုသော သည်အမျိုးသမီးများကို သွားနှောင့်ယှက်ပါက ကြီးလေး သော အပြစ်ဒဏ်ခံရမည်ဆိုတာကို အမျိုးသားများက သဘောပေါက်သည့်အတွက်ဖြစ်ပါ၏။
ထိုနည်းအတူ မြန်မာ၏အိမ်နီးနားချင်း အာရှနိုင်ငံဖြစ်သော အိန္ဒိယမှာ ယဉ်ကျေးမှုအရ အမျိုးသမီးများ သည် လုံခြုံစွာဝတ်စား ဆင်ယင်ကြသည်။ အချို့ဆိုလျှင် အိမ်တွင်းက အိမ်ပြင်မထွက်သော အိမ်တွင်းပုန်း များဖြစ်သည်။ သို့သော် အမျိုးသမီးအနိုင်ကျင့် ခံရမှုအများဆုံးနိုင်ငံအဖြစ် အိန္ဒိယသည် ကမ္ဘာမှာနာမည် ပျက်နေ သည်။ အိန္ဒိယအစိုးရ၏ တရားဝင်ကိန်းဂဏန်းများအရ ၂၀၁၂ တစ်နှစ်တည်းမှာပင် တစ်နိုင်ငံလုံး၌ မုဒိမ်းမှုပေါင်း ၂၄,၉၂၃ မှုဖြစ်ပွား ခဲ့သည်ဟုဆိုသည်။
သို့သော် မည်သည့်နိုင်ငံပင်ဖြစ်ပါစေ အမျိုးသမီးများအနေဖြင့် အခြေအနေမရွေး၊ အချိန်မရွေး လိင်ပိုင်းဆိုင်ရာစော်ကားမှု များခံရနိုင်သည်။ သည်အချက်ကို သဘောပေါက်ပြီး အမျိုးသမီးများကလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်စောင့်ရှောက်ရန် ပြင်ဆင်ထားသင့်သည်။ မြန်မာနိုင်ငံတွင် အချို့သောအမျိုးသမီးများ၏ မလိုအပ်ဘဲ အရှက်အကြောက်ကြီးခြင်းက အခြေအနေကို ပိုဆိုးစေသည်ကို ဆိုတာလည်းသိသင့်သည်။
‘‘တစ်ခါက ဒဂုံတက္ကသိုလ် သွားတဲ့ကားပေါ်မှာ လက်သရမ်းတဲ့လူက မိန်းကလေးတွေကို ကားကျပ်တုန်း အခွင့်ကောင်းယူ စော်ကားတယ်။ အဲဒီမှာ ကျောင်းသူမိန်းကလေးတွေက ငိုပြီးဆင်းပြေးတယ်။ လုပ်တဲ့သူကို မဖော်ထုတ်ရဲကြဘူး’’ဟု အသက် (၂၅) နှစ်အရွယ် မအေးအေးမျိုးက သူ ကြုံခဲ့ရသည်ကိုပြောပြသည်။
အမေရိကန်နိုင်ငံဝါရှင်တန် ဒီစီမြို့ရှိ လူကျပ်တတ်သောမြေအောက်ရထားများတွင် ရုပ်ပုံများဖြင့် အမျိုးသမီးများအနေဖြင့် ကိုယ့်ကိုအနိုင်ကျင့်စော်ကားသူကိုဖော်ထုတ်ရန် အားပေးသောဆောင်ပုဒ်များ နေရာအနှံ့ကပ် ထားသည်။ ‘စော်ကားခံရတာ ရှက်စရာမဟုတ်၊ ‘စော်ကားသူသာလျှင် ရှက်စရာ’ ‘လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရပါက ဖုန်းနံပါတ် .....သို့ ချက်ချင်းတိုင်ကြားပါ’ စသည့် ဆောင်ပုဒ်များ ဖြစ်သည်။
ယနေ့ခေတ်သည် အမျိုးသမီး၊ အမျိုးသားအားလုံး အလုပ်လုပ်နေကြရသည်။ မတရား အနိုင်ကျင့်ခံရမှာ စိုးရိမ်ပြီး ရှောင်ရှားနေ၍မရ။ ညဥ့်နက်သန်းခေါင် ရှောင်ပြီးနေလို့ရသည့်ကာလ မဟုတ်တော့။ ထို့ကြောင့် အပြင်ထွက် ညဘက်အလုပ်လုပ်ရသော အမျိုးသမီးများ၊ ကျောင်းသူများအတွက် လုံခြုံရေးဆိုင်ရာ ဆောင် ရန်၊ ရှောင်ရန်အချက် အလက်များကို အမျိုးသမီးလုံခြုံ ရေးကျွမ်းကျင်သူများက ထုတ်ပြန်ထားသည်။
အဆိုပါအချက် များမှာ -
(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ အခြေအနေကို အမြဲတမ်း အကင်းပါးစွာအကဲခတ်နိုးကြားမှုရှိပါ။ အမျိုးသမီးများသည် ပင်ကိုသဘာဝအရ ဖြတ်ထိုးဉာဏ်ကောင်းသည်။ သည်အချက်ကို အသုံးချပြီး အခြေ အနေကောင်း၊ မကောင်းလေ့လာအကဲခတ်ပါ။
(၂) အန္တရာယ်ရှိသော၊ လူပြတ်သောနေရာများကိုရှောင်ရှားပါ။ ပတ်ဝန်းကျင်ကလူများ၏ အနေအထား မကောင်းလျှင် ထိုနေရာ ကိုရှောင်ပါ။
(၃) ‘ကျွန်မကိုအဲဒီလိုမလုပ်ပါနဲ့ရှင့်’ဟုအော်မည့်အစား ‘ထွက်သွား၊ ငါ့နားမလာနဲ့’ဟု မာန်ပြင်းပြင်းအော်ပါ။ တစ်ခါတစ်ရံ အသံတင်းမာမှုက လူဆိုးကိုတန့်စေသည်။
(၄) စိတ်ဆိုးမာန်ဆိုးတုံ့ပြန်သည် မှန်သော်လည်း ထိန်းထိန်းသိမ်း သိမ်းဆင်ခြင်လုပ်ပါ။ စိတ်လက် မာန်ပါမလုပ်ပါနဲ့။ ကိုယ်က ခုခံကာကွယ်မှုတစ်ခုခုလုပ်ပြီးလျှင် အခြေအနေကို အကဲခတ်ပြီး ထွက်ပြေးပါ။
(၅) ကန်ကျောက်ရိုက်နှက်တာမျိုး အခွင့်သာပါကလုပ်ပါ။
(၆) ကိုယ်ဘယ်ကိုရောက်နေကြောင်း သူငယ်ချင်း၊ မိသားစု၊ အခန်းဖော်ကို အမြဲတမ်းဖုန်းမက်ဆေ့ခ်ျပို့ အကြောင်းကြားပါ။ ဥပမာ ကားပေါ်မှာဘယ်ကိုသွားနေသည် စသည်ဖြင့်။
(၇) အကူအညီတောင်းရန်အော် သည့်အခါလည်း ထိထိရောက် ရောက်အော်ပါ။ ‘နင်ငါ့ကိုဘာ လုပ်တာလဲ’ဆိုသည့် ပုံစံမျိုး မအော်ပါနှင့်။ အချို့လမ်းသွား လမ်းလာများက အချင်းချင်းရန်ဖြစ်နေသည် ထင်ပါလိမ့် မည်။ ‘သူခိုး၊ အနိုင်ကျင့်စော်ကားတဲ့ ကောင် သေစမ်း’ဟု ခပ်ပြင်းပြင်းစကားလုံးများ ပြောပြီးအော်ပါ။
(၈) လက်လွယ်ပေါ့ပါးသည့်၊ ရာဇဝတ်မှုလည်းမမြောက်သည့် အသုံးအဆောင်များကို လက်နက်အဖြစ် ဆောင်ထားပါ။ ခဲတံလို မျိုး၊ ကားသော့ခပ်ကြီးကြီး၊ ရေ အပြည့်ပါသောရေဘူး စသည်တို့ ဖြစ်သည်။
ယခုနှစ်များမှာတော့ အမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်သုံးရသည့် ငရုတ်သီးစပရေး ဖျန်းဆေးဘူးများ ခေတ်စားလာသည်။ အမေရိကတွင်မူ ငရုတ်သီးဘူးတစ်ဘူးလျှင်ပေါ့ပေါ့ပါးပါး သယ်နိုင်အောင်ပြုလုပ်ထားပြီး စတိုးဆိုင်များတွင် ဝယ်လို့ရသည်။ ငရုတ်စပရေးကို ငရုတ်သီး အစပ်အပူကနေထုတ်လုပ်ထားပြီး အသေးတစ်ဘူးကို ဆယ်ဒေါ်လာဝန်းကျင်ပေးရသည်။ တစ်ယောက်ယောက်က ကိုယ့်ကိုနှောင့်ယှက်လာပါလျှင် စပရေးဘူးဖြင့် မျက်နှာကိုဖျန်းလိုက်ရုံပင်ဖြစ် သည်။ ဖျန်းခံရသူမှာ မျက်ရည်ယိုဗုံးမှန်သလို ခဏတာပူလောင်မှုကိုခံစားရမည်။ သို့သော် ငရုတ်သီးစပရေးဘူးအပါအဝင် လက်နက်များကိုဆောင်ထားပြီး အသုံးပြုမည်ဆိုပါ က မသုံးမီ ကိုယ့်ဘာသာ ကျင်လည်စွာသုံးတတ်ဖို့ စမ်းသပ်ရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးဆိုင်ရာ ရာဇဝတ်မှုခင်းများတွင် ငရုတ်သီးစပရေးဘူးတစ်ခါမှ မသုံးစွဲဘူးသောအမျိုးသမီးများကို ကိုယ်သုံးသည့်လက်နက်ဖြင့် ကိုယ့်ကိုပင် လူဆိုးကပြန်လည် ဒုက္ခပေးသွားသည့်သာဓကများရှိသည့် အတွက်ဖြစ်သည်။
7Day Daily
No comments:
Post a Comment