MPT မှ ၎င်းတို့၏ ဆွေသဟာအသုံးပြုသည့် GSM နှင့် WCDMA
ဖုန်းသုံးစွဲသူများအတွက် ဖုန်းခေါ်ဆိုခများလျှော့ချပေးလိုက်သည့်
အစီအစဉ်တစ်ခုကို သြဂုတ် ၂၈ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း
သတင်းထုတ်ပြန်လိုက်သည်။
‘‘တစ်နာရီပြည့်အောင် ဖုန်းခေါ်မှ ငါးမိနစ်ဖိုးပဲကျမှာဖြစ်ပါတယ်။တကယ်လို့ တစ်နာရီမပြည့်ဘဲ မိနစ်သုံးဆယ်ပဲခေါ်မယ်။ ဆယ်မိနစ်ပဲခေါ်မယ်ဆိုရင်လည်း ငါးမိနစ်စာပဲ ကောက်ခံသွားမှာပါ။ ဖုန်းပြောတာ တစ်နာရီကျော်သွားရင်တော့ တစ်မိနစ်ကို ၂၃ ကျပ်နဲ့ ပုံမှန်အတိုင်းဆက်ကောက်သွားမှာဖြစ်ပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးသိန်းဟုတ်က ပြောသည်။
အထက်ပါ အခမဲ့ဖုန်းခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီ အတွင်း၌ ရရှိမည်မဟုတ်ဘဲ ကျန်သောအချိန်များတွင်သာခေါ်ဆိုနိုင်မည်ဖြစ်ပြီး အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။
ယခုပြုလုပ်ပေးလိုက်သည့် အထူးအစီအစဉ်သည် MPT ဖုန်း အချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘MPT သုံးစွဲသူတွေကို သူတို့ရဲ့ ချစ်ခင်သူတွေ၊ မိသားစုဝင်တွေနဲ့စကားများများပြောဆိုနိုင်အောင်လုပ်ပေးရင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးလိုက်ပါတယ်။ ဒီအထူးအစီအစဉ်ဟာ တစ်နာရီစာပြောမှ ၁၁၅ ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်’’ဟု MPT နှင့် ပူးပေါင်းထားသည့် ဂျပန်လုပ်ငန်းစုမှ CEO ဖြစ်သူ မစ္စတာတာဂါရှိနာဂရှိမက ပြောသည်။
MPT ၏ ဖုန်းခေါ်ဆိုခလျှော့ချသည့် အစီအစဉ်သစ်ကို အသုံးပြုလိုပါက ဆွေသဟာအစီအစဉ်ကို လျှောက်ရန်လိုအပ်ပြီး ဆွေသဟာမသုံးစွဲသူများအနေဖြင့် ရရှိနိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။
ဖိုးသူတော် (www.phothutaw.com)

No comments:
Post a Comment