Sunday, August 9, 2015

အကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းစည်းကမ်းသတ်မှတ်ချက် အတည်ပြုပြီးပါက လုပ်ငန်းလိုင်စင်ဆောင်ရွက်ရမည်

အကြံပေးလုပ်ကိုင်သူ များမှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် (မူကြမ်း)ရေးဆွဲပြီးဖြစ်၍ အတည်ပြုပြီးပါက လက်ရှိဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များလုပ်ငန်းလိုင်စင်ဖြင့် ဆောင်ရွက်ရမည်ဟု သတင်းရရှိသည်။

၂၀၁၂ တွင် ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ၂၀၁၄ ၌ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများအရစီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မဖြစ်မနေ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမည့် EIA /IEE လုပ်ငန်းစဉ်များဆောင်ရွက်ရန် အကြံပေးလုပ်ကိုင်သူများသည် မဖြစ်မနေလုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက် (EIA)၊ လူမှုစီးပွားထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ချက် (SIA) ၊ ကနဦးပတ် ၀န်းကျင်ထိခိုက်မှု (IEE) လုပ်ငန်းများလုပ်ဆောင်နေသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်မှာတစ်ရာကျော်ရှိပြီး ယင်းမူကြမ်းအတည်ပြုပြီးပါက လက်ရှိလုပ်ကိုင်နေသူများ လုပ်ငန်းလိုင်စင်ယူဆောင်ရွက်ရမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးကပြောသည်။

‘‘EIA လုပ်နေတဲ့ အဖွဲ့အစည်းတွေကဘယ်အဖွဲ့မှ မှတ်ပုံတင် မလုပ်ရသေးဘူး။ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ တစ်ရာကျော်ဆိုတာကလည်း ပြည်တွင်းရော၊ ပြည်ပရော လုပ်နေတဲ့အဖွဲ့ အစည်းတွေရဲ့ စာရင်းကို မှတ်သားထားတာ’’ ဟု ဦးနေအေးက ပြောသည်။

အဆိုပါအကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းမူကြမ်းတွင် သတ်မှတ်ထားသည့်လုပ်ငန်းအမျိုးအစား၊ ယင်းလုပ်ငန်းများအတွက် မှတ်ပုံတင်လျှောက်ထားရာ တွင်လိုအပ်သည့် စံသတ်မှတ်ချက်၊ မှတ်ပုံတင်ကြေး၊ စီမံကိန်းအမျိုးအစားအတွက် ဖော်ပြရမည့် ဘာသာရပ်ကျွမ်းကျင်မှုအမျိုးအစား စသည်တို့ရေးဆွဲထား ကြောင်း ၎င်းကဆက်လက်ပြောသည်။

ယင်းမူကြမ်းကို သြဂုတ် ၃ ရက်က အကြံပေးလုပ်ကိုင်နေသူများနှင့် တွေ့ဆုံရှင်းလင်းခဲ့ပြီးအတည်ပြုနိုင်ရန် လုပ်ငန်းရှင်များနှင့်ပြည်သူလူထု အကြံပေးမှုများရယူကာ မူကြမ်းအပေါ် သုံးသပ်ချက်များပေးပို့နိုင်ကြောင်း သတင်းရရှိ သည်။

အကြံပေးအဖြစ် မှတ်ပုံတင် ခြင်းဆိုင်ရာ စည်းကမ်းချက်များ ပြဋ္ဌာန်းနိုင်ရန် ၂၀၁၄ ဖေဖော်ဝါရီ မှစတင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Kanji USUI တို့ ပူး ပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ