Tuesday, August 18, 2015

နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်း ညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ အကြံပြု

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား အရပ်ဘက်လူမှု အဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက သြဂုတ်လ ၁၇ ရက်နေ့တွင် အကြံပြုတိုက်တွန်းစာတစ်စောင် ထုတ်ပြန်ခဲ့
သည်။

အကြံပြုတောင်းဆိုချက်များမှာ (၁) လက်မှတ်မထိုးမီ အများပြည်သူ နားလည်သဘောပေါက်အောင် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီးက ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆွေးနွေးပြီးမှ လက်မှတ် ရေးထိုးရန်၊ (၂) အားလုံးပါဝင်သော နိုင်ငံရေးမူဘောင်ဆွေးနွေးမှုကို စတင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ပါဝင်ခွင့်ပြုရန်၊ (၃) အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများရှိနေခြင်းသည် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆန့်ကျင်သောလုပ်ရပ်များ ဖြစ်သည့်အတွက် အမြန်ဆုံးရပ်တန့်ရန်နှင့် အရေးယူဆောင်ရွက်မှု များပြုလုပ်ရန်၊ (၄) တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးရသော ဒေသခံပြည်သူများအတွက် လုံခြုံမှုနှင့် အခြေခံစားဝတ်နေရေးလို အပ်ချက် များအတွက် အကူအညီအထောက်အပံ့များရရှိရေး ချွင်းချက်မရှိ ဆောင်ရွက်ပေးရန်၊ (၅) ရင်းနှီးမြုပ်နှံမှု များနှင့် တည်ဆောက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နေခြင်းများသည် သဘောတူစာချုပ် ချုပ်ဆိုနိုင်မှု မပြုနိုင်သေးမီ လုပ်ကိုင်ခြင်းမပြုသေးပဲ ဆိုင်းငံ့ထားရန်တို့ဖြစ်သည်။

''ဒီကြေညာချက်က ကွန်တော်တို့ရပ်တည်ချက် ယုံကြည်ချက်ကို ပြောတာပါ။ CSO တွေတင်မကပါဘူး။ ဒေသခံပြည်သူတွေကို မေးမြန်းထားတာတွေ ပါဝင်တယ်။'' ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီဝင် ဦးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ) က မဇ္ဈိမသို့ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန် ဖိတ်ခေါ်ချက်ကို လက်ခံကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က အစိုးရနှင့် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ကြောင်း သြဂုတ် ၁၇ ရက်က ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့သည်။ 

ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ် အကောင်အ ထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာအထောက်အပံ့ရံပုံငွေနှင့် နည်းပညာအကူအညီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုအကျိုးပြုခြင်းရှိ/မရှိ စနစ်တကျမှတ်တမ်းတင် စောင့်ကြည့်လေ့လာနိုင်မည့် နိုင်ငံတကာနှင့် ဒေသတွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖွဲ့စည်းလုပ်ဆောင်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက တင်ပြတောင်းဆိုချက်တွင် ဖော်ပြထားသည်။
mizzima

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ