"ဒီကိစ္စမှာတော့ အာဏာပိုင်ဘက်က၊ အစိုးရဘက်က လိုက်ရလိမ့်မယ်" မထသဘတ်စ်ကားလိုင်းတွေ ယာဉ်စည်းကမ်းချိုးဖေါက်ခဲ့ရင်၊ အရေးယူမှုကို တန်ပြန်တဲ့အနေနဲ့ သပိတ်မှောက်မှုကို ကျနော်ကတော့ ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်ပါတယ်။
အဲဒီမထသရဲ့ သပိတ်ကို တန်ပြန်တဲ့အနေနဲ့ အစိုးရနဲ့သက်ဆိုင်ရာ အာဏာပိုင်တွေက ပြင်းထန်တဲ့ အရေးယူမှုတွေ၊ ခရီးသွားပြည်သူတွေ လတ်တလောအဆင်ပြေချောမွေ့အောင် ကြားဖြတ်အစားထိုး စီစဉ်ပေးမှုတွေကို လုပ်ဆောင်စေချင်တယ်။နယူးယောက်ခ်မှာ ရထားလိုင်းဘူတာ ရုံတရုံပိတ်ထားရင်၊ အဲဒီကြားကလေးကို ပိုက်ဆံပေးစရာမလိုတဲ့ ဘတ်စ်ကားလိုင်းတိုလေး ပြေးပေးတယ်။
မထသဘတ်စ်ကားတွေကို အစိုးရက အခွန်အခတိုးမြှင့်တာမှ မဟုတ်ပဲ။ ယာဉ်စည်းကမ်းချိုးဖေါက်ရင်သာ ဆောင်ရမယ့် ဒဏ်ငွေတိုးမြှင့်တာဖြစ်ပါတယ်။ ဒါကို ကန့်ကွက်ဆန္ဒပြတယ်ဆိုတာ ယာဉ်စည်းကမ်းချိုးဖေါက်ဦးမယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ မကြာခဏ ပိုးစိုးပက်စက်နိုင်လှတဲ့ ယာဉ်တိုက်မှုတွေဟာ ရန်ကုန် မန္တလေးမြို့ပြကြီးတွေနဲ့ အဝေးပြေးလမ်းမကြီးတလျှောက် မစဲနိုင်တဲ့ သတင်းဆိုးတွေပါ။
အမေရိကားမှာ ယာဉ်စည်းကမ်းထိန်းသိမ်းမှုက အင်မတန်တင်းကြပ်ပါတယ်။ နယူးယောက်ခ်မှာ ကားမောင်းနေတာ ကမ္ဘာအရပ်ရပ်က လာတဲ့သူတွေပါ။ လူတွေက သန်းချီ လမ်းတွေပေါ်မှာ ကူးလူးဖြတ်သန်းသွားနေကြတာ။ လူကို ယာဉ်တိုက်မှုဆိုတာ မရှိသလောက် ရှားပါတယ်။ ကားကားချင်း တိုက်မိတာတွေ ရှိပေမဲ့၊ ပိုးစိုးပက်စက်တွေတော့ နည်းလှတယ်။အထူးသဖြင့် ဟိုင်းဝေးလမ်းမကြီးတွေ ပေါ်မှာ အမြန်နှုန်းသတ်မှတ်ထားတာ အမြင့်ဆုံးမှ၆၅ မိုင်ပါ။ ၆၅ မိုင်ဆိုရင် လူတွေက ၇၀ လောက်ထိ မောင်းကြတယ်။ သတ်မှတ်မိုင်ထက် ၅ မိုင်လောက်ပိုရင် လွှတ်ပေးပေမဲ့၊ ၁၀ မိုင်ကျော်သွားပြီဆိုတာနဲ့ ချက်ချင်းကို အရေးယူပါတယ်။ နေရာအနှံ့ ပတ္တရောင်လှည့်နေတဲ့ ရဲကားတွေ ရှိသလို၊ ကင်မရာတွေလည်း တပ်ထားတယ်။
သတ်မှတ်မိုင်နှုန်းထက် အိုဗာစပိ(တ်) တစ်ကက်ဟာ တခြားသော ပြစ်မှုတွေထက် ပိုကြီးလေးတယ်။ ဒဏ်ငွေလည်းများတယ်။ နင့်နေအောင်ပေးရတယ်။ ရှေ့နေငှားရင်တောင် တခြားအမှုကို ပေးရတာထက် ၂ ဆ လောက်ပိုများတယ်။
နောက်အမှုတိုင်းမှာ ယာဉ်စည်းကမ်းချိုးဖေါက်ရင် ဒဏ်ငွေသာမက၊ လိုင်စင်မှာ ပွိုင့်ဖြတ်ပြီး၊ သတ်မှတ်ပွိုင့်ကို ရောက်ရင်၊ လိုင်စင်ပိတ်တာ၊ သိမ်းတာတွေအထိ ပြင်းပြင်းထန်ထန် အရေးယူတယ်။ ယာဉ်တိုက်မှု ကျူးလွန်ရင်၊ ပြင်းပြင်းထန်ထန်အရေးယူပါတယ်။
နယူးယောက်ခ်တမြို့လုံး မြို့တွင်းသတ်မှတ်မောင်းနှင်မိုင်ဟာ ၂၅ မိုင်ပဲဖြစ်ပါတယ်။ ဘတ်စ်ကားဒရိုင်ဘာ နဲ့၊ ကျောင်းကြိုယာဉ်မောင်းတွေဟာ အထူးလေ့ကျင့်သင်ကြားပေးခံရတဲ့သူတွေ ဖြစ်ပါတယ်။ ဘတ်စ်ကားတွေမှာ စပါယ်ယာမလိုတဲ့ ငွေပေးစနစ်ကို ကျင့်သုံးထားတယ်။ မသန်စွမ်းတွေ သက်ကြီး ရွယ်အိုတွေ အတက်အဆင်းလွယ်ကူအောင် ကားကြီးတွေက ဒူးညွှတ်သလို ညွှတ်တဲ့ကားကြီးတွေ၊ ၀ှီးချဲသမားတွေ တက်ဆင်းရလွယ်အောင် ရမ့်ပ်လို့ခေါ်တဲ့ ဆင်ခြေလျှောအတက်အဆင်းကို လှေကားကနေ ပြောင်းပေးတဲ့ စနစ်တွေ တပ်ဆင်ထားတယ်။ ကားတွေရဲ့ အမြန်နှုန်းဟာသတ်မှတ်မိုင်နှုန်းထက် မပိုရ၊ ခရီးသည်တွေကို လေးလေးစားစားဆက်ဆံဖို့ အထူးလေ့ကျင့်ပေးထားတယ်။
မသန်စွမ်းတယောက် တက်လာရင်၊ ဒရိုင်ဘာဟာ ကားရပ်၊ မသန်စွမ်းတက်လို့ရအောင်၊ ရမ့်ပ်ကို ခင်း၊ သူကိုယ်တိုင် မသန်စွမ်းတဲ့အတွက် သတ်မှတ်ထားတဲ့နေရာမှာ အဲဒီဝှီးချဲကို နေရာချ၊ တည်ငြိမ်အောင် ခါးပတ်တွေ၊ ခလုတ်တွေနဲ့ စနစ်တကျ လုပ်ပေးရပါတယ်။
နောက်ဆင်းမယ့် မှတ်တိုင်မှာလည်း ကားရပ်၊ အဲဒီခါးပတ်တွေ ခလုပ်တွေကို ဖြုတ်၊ ရမ့်ပ် ကို ချ ပြီး၊ အဲဒီမသန်စွမ်းကို စနစ်တကျ ပလက်ဖေါင်းပေါ်ရောက်တဲ့အထိ ချပေးရပါတယ်။ ပြီးမှ ကားကို ဆက်မောင်းခွင့်ရှိပါတယ်။ ဘယ်သူကမှ နောက်ကျနေပြီ၊ ကြာနေပြီလို့ စောဒက တက်ခွင့်မရှိပါဘူး။ မသန်စွမ်းကို သက်ကြီးရွယ်အိုကို ဦးစားပေးရမယ်ဆိုတာ သူတို့ဆီမှာ ဥပဒေအနေနဲ့ကို ပြဋ္ဌာန်း ထားပါတယ်။
ဒီလိုပဲ လမ်းပေါ်မှာ ကားက စက်ဘီးကို၊ လူကို ဦးစားပေးရမယ် ဆိုတာလည်း ဥပဒေပါပဲ။ လမ်းပေါ်မှာ လူဖြတ်ကူးနေရင်၊ မီးစိမ်း နေသည့်တိုင် ကားက ရပ်ပေးရတယ်။ တင်စားပြောရမယ်ဆို အရင်းရှင်နိုင်ငံသာ ဆိုတယ်၊ လမ်းလျှောက်နေတဲ့ လမ်းပေါ်ကလူကို ကားပေါ်ကလူက ပိုပြီးလေးစား၊ အခွင့်အရေး ပေးရသကိုးဗျ။ ပစ္စည်းမဲ့လူတန်းစားကို ပိုကာကွယ်ပေးထားသကိုးဗျ။
အမေရိကန်တလွှား လူငယ်တွေ၊ လူလတ်တွေ၊ လမ်းသွားရင် နားကြပ်ကိုယ်စီနဲ့ သီချင်းနားထောင်၊ ဒါမှမဟုတ် သတင်းနားထောင်၊ ဒါမှမဟုတ် စာသင်ပြီး သွားတတ်တယ်။သူတို့က အချိန်ကို လုပြီး အသုံးချတာကိုး။ နားကြပ်တောင် ဘေးက ဘာဆူညံသံမှ ၀င်မလာဘဲ၊ တကယ့်ကို အသံအားကောင်းတဲ့ နားကြပ်မျိုးတွေ တပ်တယ်။ သူတို့ဟာ လမ်းပေါ်က အချက်ပြမီးတွေကိုကြည့်ပြီး၊ လမ်းကူးတယ်။ လမ်းလျှောက်တယ်။ ဘယ်ကားမှ မတိုက်ဘူး။
မြန်မာပြည်မှာ ဟိုတစ်လောက နားကြပ်တပ်ထားတဲ့ လူငယ်လေးတစ်ဦး ကားတိုက်ခံရတဲ့အခါ အောက်က ကွန်မန့်တွေက လမ်းကို ဘယ်လိုကူးလဲမှမသိတာ၊ နားကြပ်တပ်ထားတာကိုး နဲ့ ၀ိုင်းအပြစ်တင်ကြတယ်။
အမေရိကန်မှာ လူသာလျှင် တန်ဖိုးအရှိဆုံးလို့သဘောထားပါတယ်။ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းအောင် ကာကွယ်ပေးတာဟာလည်း ပြည်သူကို ကာကွယ်ပေးရမယ့် အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဓိက ပြဿနာက ယာဉ်စည်းကမ်းထိန်းသိမ်းရေးလောကမှာ လာဘ်ပေးလာဘ်ယူလို့ ရနေတာက ပြဿနာ တစ်ရပ်ပါ။ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူရင် ဘယ်သူမှ မချိုးဖေါက်တော့ပါဘူး။နောက် ပညာရေးနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်မှာ ယာဉ်စည်းကမ်း ချိုးဖေါက်တာကိုလည်း ရှက်စရာ လို့သဘောထားပါတယ်။
မြန်မာပြည်မှာတော့ စီးနေတဲ့၊ မောင်းနေတဲ့ ကားတွေကိုမှ အားမနာ၊ တောင်းနေတဲ့ ဒီမိုကရေစီကိုမှ အားမနာ၊ မီးပွိုင့်တွေမှာလည်းကြားဖြတ်၊ ယာဉ်စည်းကမ်းကိုလည်း အဲဒီ စတီယာရင်ခွေ ကိုင်ထားတဲ့ အဖေ အမေ ကိုယ်တိုင်က ကိုယ့်သားသမီးရှေ့ ချိုးဖေါက်ပြနေကြတာပဲ မဟုတ်လား။ ရှက်စရာလို့ကို မြင်ရကောင်းမှန်းမသိဘူး။
အမြန်လမ်းမှာ ကားတွေ မှောက်ကြ၊ တိုက်ကြ၊ သေကြေပျက်စီးကြတဲ့ သတင်းတွေ တပြုံတမ တက်လာ ပေမဲ့၊ ဘယ်သံအမတ်၊ ဘယ်နိုင်ငံခြားသားမှ နေပြည်တော်သွားသာနေတယ်၊ ယာဉ်တိုက်မှု မဖြစ်တာကို သတိထားမိတယ်။ ဘယ်ဖြစ်မလဲ သူတို့က ကားကို ကားလိုပဲ မောင်းတာကိုး။
အမေရိကန်က အမြန်လမ်း ဟိုင်းဝေးလမ်းမကြီးတွေလောက် ကောင်းတာ ရှိနိုင်ပါဦးမလား။ ဒါပေမယ့် တချို့နေရာလမ်းပိုင်းတွေသာ ၆၅ မိုင် အထိ မောင်းခွင့်ရှိပြီး၊ များသောအားဖြင့်၊ ၅၅ မိုင်၊ ၄၅ မိုင် နှုန်းသာ မောင်းခွင့်ပေးထားတယ်။ သူတို့ကားတွေထက်ကော ခင်ဗျားတို့ကားတွေ ကောင်းနိုင်ပါ့မလား။ ကား ဆိုတာ မြန်လေ၊ ထိန်းရခက်လေ၊ ကားတစ်စင်းကို အမြန်မောင်းခြင်း၊ ယာဉ်စည်းကမ်းကို မလိုက်နာခြင်းဟာ လမ်းပေါ်မှာရှိသော ပြည်သူတွေကို အန္တရာယ်ပေးခြင်း၊ သေကြေပျက်စီးသည်အထိ ဖြစ်ပွားစေခြင်း သဘောရပါတယ်။
ဒီ့အတွက် နယူးယောက်ခ်နဲ့ အမေရိကန် ရဲတွေဟာ ပြင်းပြင်းထန်ထန်ကို ယာဉ်စည်းကမ်းတွေကို စောင့်ကြပ်အရေးယူပါတယ်။ ရန်ကုန် - နေပြည်တော် အမြန်လမ်းမှာသာ စီစီတီဗီတွေတပ်ပြီး၊ သတ်မှတ် မိုင်နှုန်းထက် ပိုတဲ့ယာဉ်မှန်သမျှ သိန်းချီဒဏ်ငွေတွေ တပ်လိုက်ရင်၊ ဘယ်လူကြီးလူကောင်းမှ စည်းကမ်းချိုးဖေါက်ရဲတော့မယ် မထင်ပါဘူး။နယူးယောက်ခ်မြို့ကြီး ကို ၂၅ မိုင်နှုန်းထက် မပိုရလို့ သတ်မှတ်လိုက်တော့၊ နှေးလွန်းလို့ ဆူညံတဲ့ ဝေဖန်သံတွေ ထွက်လာတယ်။
ဒီတော့ သက်ဆိုင်ရာက တခွန်းပဲ ပြန်တုန့်ပြန်ပါတယ်။ နည်းနည်း နောက်ကျသွားတာ ကိစ္စမရှိပါဘူး။ ကျနော်တို့ ကျန်းမာဖို့ အသက်အန္တရာယ်ကင်းဖို့က အဓိကပါတဲ့။လက်တွ့ စမ်းသပ်မှုတွေအရ ၂၅ မိုင်နှုန်းနဲ့သာဆိုရင် မတော်တဆ တိုက်မိတောင် အသက်ဆုံးရှုံးဖို့ အခွင့်အလမ်း နည်းပါသတဲ့။သက်ဆိုင်ရာ အာဏာပိုင်များနဲ့ အစိုးရကို ဒီကိစ္စ လုံးဝ အလျှော့မပေးဖို့ အပြည့်အ၀ ထောက်ခံပါကြောင်း ရေးသားလိုက်ရပါကြောင်း။
ချိုတူးဇော်
No comments:
Post a Comment