ဘာလင် စက်တင်ဘာ ၅
စက်တင်ဘာ ၄ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဂျာမနီသမ္မတ အိမ်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါချင်ဂေါက်ခ်တို့ တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောင်မှု လုပ်ငန်းစဉ်များ၊ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာနိုင်ငံအတွက် ပညာတော်သင်ဆုများ တိုးမြှင့်ပေးရေးနှင့် ပညာရေးကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဘာလင်မြို့ရှိ Bayerische Landesvertretung ၌ ဂျာမနီနိုင်ငံ ဟန်ဆိုင်ဒယ် ဖောင်ဒေရှင်း (Hanns-Seidel Foundation) ဥက္ကဋ္ဌ ပရော်ဖက်ဆာ Ursula Maennle က နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
ဟန်ဆိုင်ဒယ် ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ အာဆီယံရေးရာ လှုပ်ရှားမှုများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီထွန်းကားရေးတို့အတွက် အကူအညီ ပေးလျက်ရှိသည်။
၂၀၁၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ အစိုးရဝန်ကြီးဌာန လေးခု၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း အပါအဝင် လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စီမံကိန်း ၅၂ ခု ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
သမ္မတရုံး
No comments:
Post a Comment