မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆယ်ကျော်သက် လူငယ်အများစုကို ခြိမ်းခြောက်နေသော အကြီးမားဆုံး အန္တရာယ်နှစ်ခုမှာ အရက်နှင့် မူးယစ်ဆေးဝါး ဖြစ်သည်။ မူးယစ်မေ့လျော့ စေတတ်သော အရက်နှင့် မူးယစ်ဆေးဝါးတို့သည် ငါးပါးသီလအနက် တစ်ပါးအဖြစ် အများသိနေကြသည့်အတွက် ရှောင်ကြဉ်အပ်သည့် အရာအဖြစ် အများသိနေကြသော်လည်း အရက်နှင့် မူးယစ်ဆေးဝါးကြောင့် အရွယ်မတိုင်ခင် သေဆုံး၊ ဘဝပျက်နေသူ လူငယ်ဦးရေ တစ်နေ့တခြား တိုးလာသည်ကိုမူ သတိမပြုမိကြပေ။
၂၀၀၀ ပြည့်လွန်နှစ်နောက်ပိုင်း ဘိန်းဖြူမှတစ်ဆင့် ချက်လုပ်သော မူးယစ်ဆေးဝါးထက် ဓာတုဆေးဝါးများ မှတစ်ဆင့် အလွယ်တကူ ထုတ်လုပ်နိုင်သော မူးယစ်ဆေးပြားများ ပို၍ ပေါပေါများများ ထုတ်လုပ် ဖြန့်ချိလာပြီးနောက် လူငယ်အများအပြား မူးယစ်ဆေးဝါး၏ သားကောင် ဖြစ်ခဲ့ကြရသည်။
အုပ်ချုပ်ရေးအာဏာ တည်မြဲရေးအတွက် ပြဋ္ဌာန်းထားသော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေဆိုးများ အသက်ဝင်ရေးကိုသာ အစဉ်တစိုက် အားထုတ်ခဲ့သောကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနယ်ပယ်များတွင် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေး၊ ဗြဟ္မစိုရ်တရား၊ လောကပါလ တရားများ ထွန်းကားရေးကို အားပေးသည့် တရားဥပဒေစိုးမိုးမှု အားနည်းကာ လူငယ်များ လမ်းမှားသို့ အရောက်များခဲ့သည်။
တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် မူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးခြင်းကို ကုန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်အတွင်း တရားဝင် ခွင့်ပြုထားသကဲ့သို့ ပြောင်ပြောင်တင်းတင်းနီးပါး လုပ်ကိုင်ခဲ့သူများကြောင့် အထီးကျန် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ အကြားသာမက နိုင်ငံတကာ အလယ်တွင်ပါ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ မူးယစ်ဆေးဝါးကို အဓိက တိုက်ဖျက်နှိမ်နင်းရမည့် အဖွဲ့အစည်းများ ကိုယ်၌က မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချရေး လုပ်ငန်းများကို လာဘ်ငွေယူကာ မသိကျိုးကျွန် ပြုခဲ့ခြင်းက မူးယစ်မှောင်ခိုများ အတင့်ရဲသထက် ရဲလာစေခဲ့သည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ စတင် အကောင်အထည် ဖော်လာသောကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှု ရရှိလာချိန်တွင် နာမည်ဆိုး ထွက်နေသည့် မူးယစ်မှောင်ခို လုပ်ငန်းများကို ထိရောက်စွာ အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းက တွန်းအားပေးလာသောကြောင့် ယခင်က တရားမဝင် ခွင့်ပြုသကဲ့သို့ ဖြစ်နေခဲ့သည့် မူးယစ်ဆေးဝါး မှောင်ခိုများကို ယခုနောက်ပိုင်း ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ဆောင်ရွက်လာခြင်း ဖြစ်သည်။
သို့သော် လက်ရှိ ဖမ်းဆီးမှုများမှာ လက်ဝေခံ သို့မဟုတ် ကြားခံသယ်ယူ ပို့ဆောင်ပေးသူ (အရပ်အခေါ် ကယ်ရီသမားများ) နှင့် မဖြစ်စလောက် ပမာဏ (အရပ်အခေါ် ဆပ်ပြာခွက်) မျှကိုသာ အဖမ်းပြသည့် သဘောဖြစ်ပြီး လက်ရင်းသမား၊ ဒိုင်ကြီးများဟု သိထားသည့် မူးယစ်ကုန်သည်ကြီးများ ကိုမူ လွှတ်ပေးထားနေဆဲဟု မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက် စောင့်ကြည့်လေ့လာသူများက ဝေဖန်ပြောဆို ကြသည်။
ယနေ့ ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ဖြစ်ပေါ်နေသော အနုကြမ်းစီးမှု၊ ရက်စက်စွာ လူသတ်မှု၊ မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ၏ ကျူးလွန်သူ အများစုမှာ လူငယ်များ ဖြစ်နေသည်ကို တွေ့ရပေမည်။ အဆိုပါ အမှုအခင်းများကို လက်တွေ့စစ်ဆေး၊ အရေးယူနေသော ဌာန၊ အဖွဲ့အစည်းအချို့၏ အဆိုအရ ကျူးလွန်သူ လူငယ်အများစုမှာ ပုံမှန်စိတ် မဟုတ်ဘဲ မူးယစ်ဆေးဝါး သုံးစွဲထားပုံရသည်ဟု တညီတညာတည်း မှတ်ချက်ပြုထားကြသည်။
ထို့အပြင် ရုပ်ရှင်၊ ဂီတနယ်ပယ်တွင်လည်း သာမန်လူတစ်ယောက်၏ ပုံမှန်စွမ်းဆောင်ရည် မဟုတ်သော ပုံစံမျိုးဖြင့် ထူးခြားစွာ လန်းဆန်းသွက်လက် နေစေသော မူးယစ်ဆေးဝါး တစ်မျိုးကို ကွန်ရက်များ ချိတ်ဆက်ကာ ကျယ်ပြန့်စွာ ဖြန့်ဖြူးနေသည်ဟု ယင်းနယ်ပယ်နှင့် ဆက်စပ်သော သတင်းရင်းမြစ် အချို့အရ သိရှိရသည်။ တက်သစ်စနှင့် ဝါရင့်သရုပ်ဆောင်၊ ဂီတသမား အတော်များများကို ထိုကွန်ရက်က မူးယစ်ဆေးဝါးဖြင့် ထိန်းချုပ်စေစားနေသည် ဆိုသော သတင်းမှာ များစွာ တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အနာဂတ် နိုင်ငံတော်၏ လုပ်အားစွမ်းရည်၊ ဉာဏစွမ်းရည် အမြင့်ဆုံး အရွယ်ရှိ လူငယ်မျိုးဆက် တစ်ခုကို ကိုယ်ကျိုးစီးပွား တစ်ခုသာကြည့်သူ လူတစ်စု၏ မူးယစ်ဆေးဝါးဖြင့် ထိန်းချုပ်စေစားခြင်းကြောင့် နိုင်ငံတစ်ခုလုံး၏ ကုန်ထုတ်လုပ်မှု စွမ်းရည်၊ အသိဉာဏ်ပညာ စွမ်းရည်ကျဆင်းသွားပါက မည်သူ့တွင် အဓိက တာဝန်ရှိသနည်းဟု နောင်မှ အပြန်အလှန် လက်ညှိုးထိုး အပြစ်ဖို့နေခြင်းထက် ယခုပင် စတင်၍ ကာကွယ်တားဆီး၊ နှိမ်နင်းလျှင် အချိန်မီနိုင်ပါသည်။
လူငယ်များအတွက်
No comments:
Post a Comment